Friday, April 29, 2011

အောက်ချင်းငှက်တို့သစ္စာ ဤကမ္ဘာသိကြားစေ


 

သစ္စာဆိုတဲ့စကားနှစ်လုံး မခိုးမခန့်အပြုံးတွေနဲ့

အရှုံးအနိုင် သဘောထား ချစ်ခြင်းတရားကို

ပျက်ရယ်ပြုခဲ့ဖူးမယ် ။

အောက်ချင်းငှက်လေးတွေ သမိုင်း ၊ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မရိုင်းခဲ့လေဘူး

အောက်ချင်းငှက်တို့သစ္စာ ငါလေးစားတယ်

သူတို့က တယောက်ဆုံးပါးခဲ့ရင် အသစ်ရှာဖို့ဝေးစွ

ချစ်သူဘေးက ခွာကိုမခွာတော့ဘူးတဲ့

ဝမ်းနည်းပက်လက် ငိုကြွေး မြတ်နိုးသူဘေးမှာပဲနေ

အယူ အပေး ဘာမှမတွေးပဲ ရိုးရိုးလေးပဲခံယူသတဲ့...

သူတို့နှစ်ဦးသစ္စာ သေတူရှင်မကွာတဲ့လေ။

နောင်လာနောင်သား ဉာဏ်ကြီးရှင် လူသားအယဉ်တွေ ရဲ့

ချစ်ခြင်းသမိုင်းတွေ ရိုင်းမှာကိုများ

ကြိုမြင်ယောင်ခဲ့လေသလား ငှက်ကလေးများရယ်

ဘယ်တော့မှ မတိမ်ကောမဲ့ သမိုင်းကျောက်စာတစ်ချပ် ရေးမှတ်ပြခဲ့လေတယ်

အဲ့လိုနဲ့ ချစ်သူဘေးမှာနေ ချစ်သူကိုဝေးရာမထား ဆုံးပါးသွားသည့်တိုင်

အမှောင်ကျင်းတဲ့လောက ကို

သစ္စာနဲ့ လင်းဝင်းစေခဲ့တယ်။

စာတစောင် ပေတဖွဲ့ "ချစ်ပါ၏" လို့ တဖွဖွရွတ်နေကြမဲ့

ကြီးကျယ်သော လူသားများအား

စကားလုံးတွေမသုံး

အရိုးရှင်းဆုံးသော ချစ်ခြင်း နဲ့

လေးနက်မြတ်နိုး တန်ဖိုးထားရမဲ့အရာကို ပြသခဲ့လေတယ် ။

သစ္စာရယ် မေတ္တာရယ်ကို

သက်ရှိတွေတန်ဖိုး ထားတဲ့ သေခြင်းတရားထက်တောင်

အမြတ်တနိုး အကိုးအကွယ်ပြု

အောက်ချင်းငှက်လေးတွေရယ်...........

ငါလေးနက်စွာ ဂါရ၀ပြုပါတယ် ။

သူတို့ရဲ့သစ္စာ ပန်းတွေတောင်နားလည်လို့

မာယာမသမ်း သဘောအမှန်တွေလွှမ်းတဲ့

ချင်းတောင်တန်းမှာ..

ရိုးသားခြင်းနှင့် ရဲရင့်ခြင်းပြယုဂ်

တောင်ဇလပ်ပန်းလေးတွေက သက်သေထုတ်ပြခဲ့တယ်။

အဲ့ဒီလိုနဲ့ပဲ…..

ရတနာသုံးပါးကို တန်ဖိုးထားသလို

အဖေက အမေ့ကိုတန်ဖိုးထားသလို

ငါနင့်ကိုတန်ဖိုးထားသလို

...

သစ္စာကို တန်ဖိုးထားတယ် ။

သစ္စာကို တန်ဖိုးထားကြမယ်။

သစ္စာအမျိုးမျိုး ငါရိုကျိုးတယ်

မိတ်ဆွေအပေါ်ထားတဲ့သစ္စာ ၊ သူငယ်ချင်းအပေါ်ထားတဲ့ သစ္စာ

ကျွန်အပေါ်ထားတဲ့သစ္စာ ၊ သခင်အပေါ်ထားတဲ့ သစ္စာ

ကျေးဇူးရှင်အပေါ်ထားတဲ့သစ္စာ ၊ သွေးသောက်အချင်းချင်းထားတဲ့ သစ္စာ

မိဘအပေါ်ထားတဲ့ သစ္စာ ၊ သားသမီးအပေါ်ထားတဲ့ သစ္စာ

ချစ်သူအပေါ်ထားတဲ့ သစ္စာ ၊ အိမ်ထောင်ဖက်အပေါ်ထားသောသစ္စာ

မိသားစုအပေါ်ထားသော သစ္စာ ၊ အမျိုးအနွယ်ပေါ်ထားသောသစ္စာ

တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားသောသစ္စာ ၊ အမှန်တရားအပေါ် ထားသောသစ္စာ

ဤမြေကမ္ဘာမှသည် ဘုံအထပ်ထပ်ကြား

အကြားအလပ် မရှိ သိစေ မြင်စေ ကြားစေသတည်း

ဤမြေကြီးသက်သေထား ……

မှန်သောစကားများ သစ္စာဟုတွင်ကျန်စေသား

မှန်သောတရားများ မေတ္တာဖြင့်ရှင်သန်စေသား

သစ္စာကို မြတ်နိုး မေတ္တာကိုတန်ဖိုးထားသူများ

ထိုသောအရာများ၏ လေးနက်စွာစောင့်ရှောက်မှု့ ခံယူရပါစေသား ။