Monday, July 11, 2011

ကဗျာ လင်္ကာ

မြန်မာကဗျာတွေဟာ ပုဂံခေတ်က စတင်ပေါ်ပေါက်လာတယ်လို့မှတ်တမ်းတွေက ဆိုကြတယ် ပထမဆုံးကဗျာတွေကိုတော့ မြကန် တို့ ရွှေနှင့်ယိုးမှား ပန်းစကား စသဖြင့်ဆိုကြတယ်။
သိုးကလေ နှင့် အစချီ လေ့ရှိသည်ရေးစပ်သူကတော့ အမည်မသိ တဲ့ ပုပ္ပားတောင်က စကားဝါ ပွင့်လေးတွေနဲ့ ကောင်မလေးတယောက်ရဲ့ အလှကို စပ်ဆိုထားတာပေါ့လေ ပြောချင်တာက ကဗျာတွေဟာ အဲ့ဒီခေတ်ကာလကလူတွေရဲ့ နေထိုင်ပုံ ပြုမူပြောဆိုပုံ အကျင့်တရားတွေ ကို သရုပ်ဖော်ပြပါတယ် နောင် သမိုင်းကို ရှာဖွေ သူ သုတေသီတို့အတွက်လည်း အထောက်အကူတွေဖြစ်တယ် ပြီးတော့ စစ်ချီသူ စစ်သည်တွေအတွက် အားတက်ဖွယ်ရာတွေရော ( မြင်စိုင်းရွှေပြည် ကဲ့သို့ ကာချင်းများ ) ဖြေသိမ်းတမ်းတဖွယ်ရာတွေလည်းဖြစ်တယ် ။ ပုဂံခေတ်မှစတင်ကာ ကဗျာ တွေ ရတုတွေ ပျို့တွေ ရကန်တွေ အဲချင်းတွေ ဧချင်းတွေ ဘုန်းတော်ဘွဲ့တွေ ပတ်ပျိုးတွေ မော်ကွန်း စသည် စသည် နောက်ပိုင်း ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့ရေးတဲ့ ရှေးခေတ်ပုဂံပြည် (ဆရာဇော်ဂျီ) နှင့် ပြောက်ကျား (ဆရာမင်းသုဝဏ်) ကုန်းဘောင်ခတ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးတဲ့ လေးချိုးကြီးတွေ စသဖြင့်အများကြီးရှိသတဲ့ ဒီထဲကမှ နှစ်သက်မိသော ကဗျာ လင်္ကာအချို့ကို မှတ်သားထားမိတယ် ရေးစပ်သူတွေဟာ ဘုရင်တွေ မိဖုရားတွေ စစ်သူကြီးတွေ သာသနာ့ဘောင်က ရဟန်းတွေ စသည်စသည် ရဟန်းပညာရှိ လူပညာရှိ များပဲဖြစ်တယ် ။ ရှင်ဥတ္တမကျော်ရဲ့ တောလားတွေ ရှင်မဟာရဌသာရ ရဲ့ ကိုးခန်းပျို့တွေ ရှင်မဟာသီလ၀ံသ ရဲ့ ပါရမီခန်းပျို့တွေဟာဆို မြတ်စွာဘုရားဂုဏ်တော်တွေကို ဖွဲ့ဆိုထားတာတွေပေါ့ ။
ကဲ..ဒိထဲကမှ နှစ်သက်မိသော ကဗျာလေးတွေကို မှတ်သားထားမိတယ် ။ သူတို့ကတော့ …………..သက္ကရာဇ် ၅၂၆ ခုနှစ် ခန့်ကပေါ်ပေါက်တဲ့ မျက်ဖြေလင်္ကာ အဖြစ် နာမည်ကြီးတဲ့……
မျက်ဖြေလင်္ကာ

သူတည်းတစ်ယောက်၊ ကောင်းဖို့ ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
• ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ မတ်ဗိုလ်ရံ၍ ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်သာကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ အသက်လျာတည်း။
• ကြင်နာသနား ငါ့အားမသတ် ယခုလွှတ်လည်း ၀ိပါက်ကြမ္မာ လူတကာတို့ ခန္ဓာခိုင်ကြည် အတည်မမြဲ ဘောက်လှဲတတ်သည် မချွတ်စသာ သတ္တ၀ါတည်း။
• ရှိခိုးကော်ရော် ပူဇော်အကျွန် ပန်ခဲ့တုံ၏ ခိုက်ကြုံဝိပါက် သံသာစက်၌ ကြိုက်လတ်တွန်မူ တုံ့မယူလို စိတ်မြဲသို၍ ကြည်ညိုလွှတ်ပြန် သခင်မှန်ကို ချန်ဘိစိစစ် အပြစ်ဖယ်ရေး ခွင့်လျင်ပေး၏ သွေးသည်အနိစ္စာ ငါ့ခန္ဓာတည်း။ ။

အနန္တသူရိယအမတ်ကြီး(ပုဂံခေတ်).
အထက်ပါကဗျာလေး သမိုင်းကတော့…

ကျန်စစ်မင်း၏ သမီးတော်ရွှေအိမ်သည်နှင့် သားမက်တော်ဖြစ်သည့် စောလူးမင်း၏သားတော် စောယွမ်းမင်းသားတို့မှဘုန်းတန်ခိုးကြီးသည့် အလောင်းစည်သူ အမည်ရှိသားတော်ကိုဖွားမြင်ခဲ့သည်၊၊ အလောင်းစည်သူမင်းမှ သားတော်အကြီး မင်းရှင်စောနှင့် သားတော်အငယ် နရသူတို့ကိုလည်း ရရှိခဲ့သည်၊၊ အ လောင်း စည်သူမင်းကြီး နတ်ရွာစံကံတော်ကုန်သောအခါ သားတော်အကြီးဖြစ်သည့် မင်းရှင်စော သည် နန်းတော်တွင်းတွင်ရှိမနေဘဲ အဝေးသို့ရောက်နေသည့်အချိန်ဖြစ်သည်၊၊ ထို့ကြောင့် ညီတော် အငယ် နရသူကထီးနန်းကို သိမ်းပိုက်လိုက်သည်၊၊

မင်းရှင်စောသိသောအခါ ညီတော်ကိုတိုက်ခိုက်၍ နန်းကိုယူမည်ဟု စစ်ကြေငြာသောအခါ ညီတော်မှ နောင်တော်အကြီးအားမယှဉ်ဝံ့၍ စစ်မပြုဘဲ စေ့စပ်ဆွေးနွေး၍ ထီးနန်းရေးရာကို တိုင်ပင်လိုကြောင်း၊ နောင်တော်အား အစဉ်အလာအတိုင်း ထီးနန်းကိုလွှဲအပ်ပါမည့်အကြောင်း ဖခင်လက်ထက်ကပင် ကိုးကွယ်ခဲ့သည့် ဆရာတော်တပါးဖြစ်သည့် “ပံ့သုကူမထေရ်”အား ကြားဝင်ပြီး ဖြန်ဖြေစေခဲ့သည်၊၊

ဤသမိုင်းကိုထောက်၍ ပုဂံခေတ်ကပင် ရဟန်းသံဃာတော်များ နိုင်ငံရေးရာကိစ္စများတွင် ပါဝင်ခဲ့ဘူး ကြောင်းမှတ်သားရသည်၊၊ နောင်တော်အကြီး မင်းရှင်စောသည် ဆရာအရှင်ပြောစကားကို ရိုသေ သည်ကတကြောင်း ညီတော်ကိုလည်း ယုံလိုက်မိသည်ကြောင့် စေ့စပ်ဖြန်ဖြေမှုကိုလက်ခံပြီး စစ်မပြု တော့ဘဲ နန်းတော်ထဲသို့ အေးအေးသာသာပင် ၀င်ခဲ့တော့သည်၊၊

ညီတော် နရသူသည် နောင်တော်အား ထီးနန်းကိုအလွယ်တကူပင် လွှဲအပ်လိုက်သည်၊၊ သို့သော် ညဘက်ရောက်သောအခါ တိတ်တဆိပ်လုပ်ကြံလိုက်သည်၊၊ ထီးနန်းကိုလည်း အသာအယာပင် ယူလိုက်နိုင်သည်၊၊ ပြည်သူပြည်သားတို့က နရသူနှင့် ပံသုကူမထေရ်တို့ပူးပေါင်းပြီး သူတို့လေးစားသ ည့် ဘုရင်အားလုပ်ကြံလိုက်သည်ဟု ပြောဆိုကြလေသည်

ပံသူကူမထေရ်သည် ထိုလုပ်ကြံမှုသတင်းနှင့် ပြည်သူတို့၏ တီးတိုးစကားများကိုကြားသိသောအခါ လွန်စွာ ရှက်နိုးတော်မူသည်ကတကြောင်း၊ နရသူမင်းယုတ်အားလည်း ဒေါသဖြစ်သည်ကြောင့် ပုဂံပြည်တွင် မနေတော့ဘဲ သီဟိုဠ်ပြည် (ခေါ်) သီရိလင်္ကာနိုင်ငံသို့ ထွက်ခွါခဲ့တော့သည်၊၊

နရသူမင်းမှလည်း သားတော်အကြီး နရသိင်္ခနှင့် သားတော်အငယ် နရပတိစည်သူတို့ကို ထီးနန်းဆက် ဖွားမြင်ခဲ့ပြန်သည်၊၊ ခမည်းတော် နတ်ရွာစံသောအခါ အကိုကြီးဖြစ်သူ နရသိင်္ခ ထီးနန်းကိုဆက်ခံခဲ့သည်၊၊ ညီတော်အငယ် နရပတိစည်သူမှာ အိမ်ရှေ့စံဖြစ်သည်၊၊ နရသိင်္ခဘုရင်တွင် ပညာရှိအမတ်တဦး ရှိသည်၊၊ အနန္တသူရိယ အမတ်ဖြစ်သည်၊၊
ဝါးတောအတွင်းမှရသော”ဝေဠုဝတီ”အမည်ရှိ အမျိုးသမီးတယောက်ကို ညီအကိုလုကြရာမှ အကိုဖြစ်သူရှုံးနိမ့် နတ်ရွာစံရပြီး ညီဖြစ်သည့် နရပတိစည်သူသည် ပုဂံထီးနန်းကိုရရှိခဲ့ပြန်သည်၊၊ မှားယွင်းသည့် နရပတိစည်သူ၏ လုပ်ရပ်တခုမှာ အကိုလက်ထက်က ပညာရှိအမတ်များကို သတ်မိန့်ပေးခဲ့ခြင်းပင်၊ အသတ်ခံသွားရရှာသည့် ပညာရှိအမတ်များနှင့် သူရဲ ကောင်းစစ်သည်များအထဲတွင် "အနန္တသူရိယ"ပညာရှိအမတ်ကြီးလည်း ပါသွားခဲ့သည်၊၊

ထူးဆန်းသည်မှာ နရပတိစည်သူဘုရင်သည် ရန်သူဘက်သားကိုမှ သတ်သည်မဟုက်၊ သစ္စာခံတပည့်ရင်းကိုလည်း သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ဖြစ်သည်၊၊ “မင်းရေးကိုမထောက် မြင်းရေးကိုထောက် သည်”ဟု မြန်မာစာပေသမိုင်းတွင် အဆိုတခုရှိသောဇာတ်လမ်းမှ အသက်စွန့်၍ နန်းတော်ထဲမှ ထွက်ပြေးလာပြီး သတင်းပို့သည့် “ငအောင်စွာ”သည် နရပတိစည်သူ၏ လက်ရုံးတပည့်ကြီး ဖြစ်သည်၊၊ ကံမကောင်းသည်မှာ သတင်းပို့သည့်အတွက် “မျက်နှာမရဘဲ ခြေရာရ”ခဲ့ရှာသည့် “ငအောင်စွာအမတ်”သည် ဆရာရင်းနရပတိစည်သူ၏ လက်ချက်ဖြင့် တောထဲတွင် အသက်ထွက်ခဲ့ရသည်၊၊
အစောပိုင်းဖြစ်စဉ်ကိုပြန်ကောက်ရလျင်.. ဘုရင်နရပတိစည်သူ မှ အထင်တော်လွဲကွက်မျက် ခါနီးမှာ အနန္တသူရိယ အမတ်ကြီး စပ်ဆို ခဲ့တဲ့ လေးလုံးစပ် လင်္ကာပါ နောက်ဆုံးအပိုဒ်လေးကတော့ ခွင့်လွှတ်တတ်တဲက သူ့သဘောထားကိုမြင့်မြတ်ဖွယ်တွေ့ရပါတယ် ဘ၀တစ်ကွေ့မှာ လက်စားချေခွင့်ကြုံလာရင်တောင် သင်ပုန်းချေ မယ်ဆိုတဲက အမတ်ကြီး စကားက လူတွေကို ခွင့်လွှတ်သည်းခံမှု့အကြောင်းသတိပေးနေလေတယ် ။
နောက်ထပ်ကဗျာတပုဒ်ကတော့ ကဗျာအစ မြကန် က လို့ဆိုစမှတ်ပြုတဲ့ မြကန်ရဲ့ အလှကို စပ်ဆိုထားသောကဗျာ တပုဒ်ပေါ့
မြကန်
တောင်ကျချောင်းတေး၊
ရေ၀င်ပြေးလှည့်၊
ရေအေးကြည်သာ၊
ကန်ပိုင်မာလျက်၊
ကြာပေါင်းထုံထုံ၊
ငှက်မျိုးစုံသည်၊
ဘုံဝတိန်သာ၊
နန္ဒာပေလော၊
တူစွဟုတ္တာ"

မြကန်ရဲ့အလှကို တာဝတိံ သာနတ်ပြည်က နန္ဒာ ရေကန်နဲ့တောင်ခိုင်းနှိုင်းဖွဲ့ဆိုထားလေတယ်။ ဒီကဗျာနှင့် မရှေးမနှောင်းပေါ်ထွက်တယ်လို့ စာတွေမှတ်တမ်းတင်ထားတဲ့ကဗျာကတော့ …
ရွှေနှင့်ယိုးမှား ပန်းစကား
သိုးကလေ............
ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား
စုံတောပြား၌ ၊နှံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်၊ရွှေနှင့်ယိုးမှားပန်းစကား၊
သိုးကလေ............
စကားပွင့်နှင့်၊နိုင်းတင့်နိုးသည်၊
ရဲမျိုးသမီး၊မောင်ကြီးနှမ၊
ညက်လှပြာစင်၊မဲ့သည်ပင်သား ခရီးသား။
သိုးကလေ............
မြိတ်စုလွတ်လည်း၊အငယ်ကတည်းက၊
ကျွမ်းဝင်ကြသည်၊မွေးဖတူရင်း
မျိုးသည်မင်းနှင့်၊ချစ်ခြင်းစုရုံး၊
သက်ထက်ဆုံးသည်၊
နှလုံးမခြားစောင့်တရား၊
ဆွေမိမင်း၊
မျက်သုတ်နီစင်၊ရထည်းဖျင်နှင့်၊
ကျိုင်းစင်မြ၀ါ မတ်ကြီးလျာကို
မယ်သာကြိုက်မိတုမယှိ။ တဲ့…

ပုဂံခေတ်အစောပိုင်း နတ်ကိုးကွယ်မှု့တွေ ထွန်းကားစဉ်ကာလ မင်းမဟာဂီရိ နတ်ကိုတိုင်တည်ပြောနေတဲ့ စကားဝါပန်းလို အသားအရေ၀င်းဝါသူလေးက အမတ်ကြီးတယောက်အဖြစ်လျာထားခံရသူ မင်းမှု့ထမ်းအပေါ်ထားတဲ့ မေတ္တာဘွဲ့ပါ သူမကတော့ “သက်ထက်ဆုံးသည် နှလုံးမခြား စောင့်တရားတဲ့ ” ခုခေတ် မိန်းမပျို ယောက်ကျားပျိုတို့ဖြင့် အလွန်အမင်းကွာဟသွားခဲ့ပါပြီ။
နောက်ထပ်ကဗျာ တပုဒ်ကတော့ ရွှေပြည်တော်နှင့်ဝေးနေတဲ့ အခိုက်အတန့် ကို ထင်သာမြင်သာအောင် အမည်မသိတဲ့ရှေးစာဆိုတယောက်ကသရုပ်ဖော်သွားခဲ့တာပါ မြန်မာတိုင်းသိတဲ့ ရွှေပဟိုရ် စည်ရယ် ကြက်တွန်သံရယ် ကို အချိန်ကာလ တခုအဖြစ် သတ်မှတ် ပုံကို ကဗျာ အဖြစ်စပ်ဆိုထားတာပါ ငယ်ငယ် သင်ပုန်းကြီး ကဗျာတွေထဲလွတ်မှတ်ခဲ့ရသောကဗျာ တပုဒ်ပေါ့ ။


ရွှေဗဟိုရ်စည်
ရွှေဗဟိုရ်စည်သံများကိုလ
မကြားရကြာချေပြီ
လေးလရာသီ။
တိုင်းဋ္ဌာနီ
မဟုတ်ကယ်ပါပြီ လို့ 
ကြက်သံကိုဗဟိုပြုရတယ်
တောသူ့ ရွာမို့ ။ ။
အမည်မသိရှေးစာဆို
The Palace Drum

Full four months have slowly passed
Since i heard the palace drum
Thats marks the time and tell the hour
With deep resounding thrum.
Banished far from city walls,
where no drummer strikes the score,
The village maid and I as well
Hearken to the rooster's crow.
Mg Thein Myint




နောက်ထပ် ကဗျာတပုဒ်ကလည်း ငယ်ငယ်က သိခဲ့ဖူးတဲက ကဗျာ တပုဒ်ပါပဲ လူ့လောက သဘာဝအရ အတားအဆီးတွေ အခက်အခဲတွေ စိတ်ပျက်အားလျော့မှု့တွေ နဲ့ ကြုံတဲ့အခါ ဘယ်လို ဖြတ်ကျော်ရင်ဆိုင်ရမယ်ဆိုတာကိုတတ်နိုင်သလောက်ပုံဖော်ထားတာပါ ပညာပေးထားတာပါ။ ။
ထိပ်ဆုံးသို့ 
တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့တစ်လုံး ကျန်ပြန်ပေတမို့ 
ဖန်ဖန်လေ အားအင် နှိုးလို့ ရယ်
ကြိုးလျှောက်ရပြန်။
ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါဘီ ဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မည်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့ တစ်နေ့ မှာဆုံးရာရောက်ပါလိမ့်
အားလျှော့ကာဆုတ်ချင် စမ်း ပါ နဲ.
စိတ်နွမ်းအသာဖြေဦး။
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတစ်သွင်အားအင်သစ် လိုက်ပါ့
ချစ်ဖွယ့်လူသား။ ။
လေးချိုး အမည်မသိရှေးစာဆို




Beneath the Bough
" Here with a loaf of bread
Beneath the bough
A flask of wine, a book of verse-
and thou
Beside me singing the wilderness
And wilderness is paradise endow."
Omar Khayyam - a Persian Poet

သစ်ရိပ်သာဝယ်
ကဗျာလင်္ကာ၊ ဖတ်စရာနှင့်
အစာအတွက်၊ ပေါင်မုန့် တစ်ရှက်နှင့်
တစ်ခွက်သောက်လို၊ ၀ိုင်ချိုချိုနှင့်
နှစ်ကိုယ်ကြည်ဖြူ၊ မောင့်ချစ်သူနှင့်
အတူယှဉ်ကာ နေရပါသော်
ကန္တာရပင်၊ ဖြစ်ပါလျှင်လည်း
မြူးရွှင်ခိုလုံ၊ နိဗ္ဗာန်ဘုံဟု
ယုံကြည်မှတ်ထင်နိုင်သည်တကား။
မင်းယုဝေ

Saturday, July 9, 2011

ဘင်လာဒင်

9/11 နယူးယောက်
 
မနက်စောစော ရုပ်သံသတင်းပြကွက်မှာ လေယာဉ်ငယ်တစီးက WTC ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ဝင်တိုက်သွားတယ်လို့ပဲ ယောင်ဝါးဝါး ကြေညာသွားတယ်။ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီး၊ အမေရိကန်နိင်ငံ အတိုက်ခံရပါလားလို့ သိလာကြပြီး တပြည်လုံး စိုးရိမ်လာတယ်။ လေယာဉ်အားလုံး ပြန်သန်းခွင့် ပိတ်၊ နီးရာလေဆိပ်ကို ဆင်းခိုင်းရတယ်။ တခြားမြို့တွေနဲ့ မတူတာက အမေရိကန် စစ်ဌာနချုပ်ကို ထိတော့ ကျနော့်အိမ်နဲ့ ၁ဝ မိုင် သာသာပဲ ဝေးတယ်။ ပင်ဆာဗေးနီးယားမှာ ပျက်ကျသွားတဲ့ လေယာဉ် ဝါရှင်တန်ကို လာနေပီ ။
 
ထိုနေ့ကိုတော့ မမေ့နိုင်ပါ။ ပိုဆိုးတာက အမေရိကန်ကို အနုမြူဗုံး အကြမ်းထည် Dirty bomb လို့ ခေါ်တဲ့ အနုမြူ ရောင်ခြည်ကြွပြီးသား သတ္ထုကို ရိုးရိုးဗုံးနဲ့ ပေါင်းပြီးခွဲရင် နယူးယောက်နဲ့ ဝါရှင်တန်က ပစ်မှတ်ပဲ။ ဒါကြောင့် ဗုံးပေါက်တာနဲ့ အနုမြူရောင်ခြည် အန္တရာယ်က ကင်းလွှတ်ဖို့ အထုပ် အဆင်သင့် ပြင်ထားကြရတယ်။ 
 
ဒီအတွက်ကြောင့် ဘင်ကြီးကို နာကျည်းမှု ရှိသလားဆိုရင် ရှိတယ်။ ဒါက ခံစားမှုဘက်က ကြည့်ရင်ပေါ့။
 
ဒါပေမဲ့ တခြားတဖက်က ကြည့်ရင် အမေရိကန်လို စူပါ ပါဝါလို နိုင်ငံမျိုးကို စော်ကားရဲတာ၊ တိုက်ခိုက်သတ်ဖြတ်ရဲတာ နဲတဲ့ သတ္တိမဟုတ်ဘူးလို့ မြင်နိုင်တယ်။ ဒါ့အပြင် နိုင်ငံတော် အစိုးရတိုင်းဟာ လက်တန်ရှည်တယ်ဆိုတာ သိကြတာပဲ။ ဥပမာ ဂျာမဏီ အိုလံပစ်ပွဲမှာ အစ္စရေး အားကစားသမားတွေကို ပါလက်စတိုင်း အကြမ်းဖက်သမားတွေက သတ်ပစ်ကြတော့ အစ္စရေး အစိုးရက အကြမ်းဖက်သမားတွေကို လိုက်သတ်တာ အော်စလိုမှာ လူမှားပြီး စာပွဲထိုးကို သတ်လိုက်မိသေးတယ်။ ဘူဂေးယီးယားကလည်း ၁၉၇၈ ခုနှစ်တုန်းက အတိုက်ခံတယောက်ကို အဆိပ်လူထားတဲ့ ထီးထိပ်နဲ့ လန်ဒန်မြို့လယ်ခေါင်မှာ ချိတ်မိအောင်လုပ်ပြီး သတ်ခဲ့တာပဲ။ ရုရှားသမ္မတဟောင်း (ယနေ့ ဝန်ကြီးချုပ် ပူတင်) ရဲ့ ရန်သူဟာ ငါ့ကို ရန်ရှာလိမ့်မယ်ပြောရင်းက ရေဒီယိုအိုင်ဆိုတုတ် အဆိပ်မိပြီး အသတ်ခံလိုက်ရတယ်။ 9/11 အပြီးမှာ အမေရိကန်တွေလည်း အဲလ်ကိုင်းဒါး Al-Qaida လူတွေကို ဗြောင်လိုက်ဖမ်း လိုက်သတ်တာပဲ။ မြန်မာအစိုးရကလည်း တဆင့်ခံတွေကတဆင့် ပဒိုမန်းရှာကို လုပ်ကြံပစ်တာပဲ။ ဒါကြောင့် အစိုးရ လက်တန်ရှည်တယ် ပြောကြတာပါ။
 
အမေရိကန်တွေ လက်စားချေမယ်ဆိုတာ ရှင်းနေတာပဲ။ ဒါကြောင့် ဘင်ကြီးကို ပေါ့သေးသေး မုန်းတီးစိတ် တခုထဲနဲ့ မကြည့်ရင် သတ္တိမသေးဘူးလို့ ပြောနိုင်တယ်။
 
တချိန်ထဲမှာ စူပါ ပါဝါ အမေရိကန်နိုင်ငံဟာ ရှိသမျှ လူအင်အား၊ ငွေအား၊ အတတ်ပညာအားနဲ့ လိုက်ရှာတာတောင် ဘင်ကြီးကို လိုက်ရှာတာ ၁ဝ နှစ် ရှာမတွေ့နိုင်ခဲ့ဘူး။ ဒါကြောင့် ဘင်ကြီးဟာ လေ့လာသင့်တဲ့ လူလို့ မြင်မိတယ်။
 
အများကတော့ ဘင်ကြီးအကြောင်းကို အင်တာနက်ပေါ်မှာ ရှာဖွေစုဆောင်းကြပြီး သူဋ္ဌေးသား ဘင်စီနီယာရဲ့ ၅၂ ယောက်သော ကလေးတွေထဲက ၁၇ ယောက်မြောက် သား၊ အသက် ၅၄ နှစ်ရှိပြီ စသဖြင့် ဘင်လာဒင်အကြောင်းကို ဖော်ပြကြပါလိမ့်မယ်။ ဒါက သတင်းသက်သက်ပါ။ စာရေးသူ စိတ်ဝင်စားတာက တခြားထောင့်က ကြည့်တာ။

ဘင်လာဒင်ရဲ့ သေနင်္ဂဗျူဟာ၊ မဟာဗျူဟာ၊ အဖွဲ့အစည်းတည်ဆောက်ပုံ၊ အစီအစဉ် Plan ဆွဲပုံ၊ ထောက်လှမ်းရေး ရှုထောင့်၊ ခေါင်းဆောင်မှု အပိုင်းတွေက ကြည့်ပြီး အတုယူစရာတွေ ရှိသလား သိချင်တယ်။ ဘာကြောင့် ဘယ်မှာ တော်တာလဲ ဆိုတာကို ဝေဖန်ပိုင်းခြား သုံးသပ်ချင်တယ်။ ဒီလိုသုံးသပ်နိုင်ဖို့ အင်တာနက်က ဖတ်ရုံနဲ့ မလုံလောက်။ စာတမ်းတွေ၊ စာအုပ်တွေကို ဖတ်ရှုလေ့လာရမယ်၊ လေ့လာဝေဖန်သုံးသပ်သူတွေရဲ့ စာတမ်းတွေကို လေ့လာရမယ်။
 
ပထမဆုံး ထောက်လှမ်းရေးနဲ့ စစ်ဖက်ရှုထောင့်က ကြည့်ရအောင်။ ဘင်လာဒင်ကို ထောက်ခံအားပေးမှုကြောင့် အာဖဂန်ကို အမေရိကန်က ဝင်တိုက်ပြီး တာလီဘန်တွေကို မောင်းထုတ်ခဲ့တယ်။ ဘင်လာဒင်တို့ရဲ့ အဲလ်ကိုင်းဒါးတွေ နောက်ဆုံး တိုရာဗိုရာလို့ ခေါ်တဲ့ တောင်တန်းမှာ ပိတ်မိနေပြီ။
 
ဒါပေမဲ့ ဘုရှ်ရဲ့ အလယ်ပိုင်းစစ်ဒေသရဲ့ စစ်ခေါင်းဆောင် တော်မီဖရန့်က လူညံ့။ တိုင်းပြည်အကျိုးထက် မိမိ နာမည်မထိခိုက်ရေးကိုဘဲ အရေးပေးခဲ့တာကြောင့် သူ့လက်ထဲမှာ စစ်သား များများသေတာကို လက်မခံနိုင်။ ဒါကြောင့် ဘင်တို့ကို ရင်ဆိုင်တက်တိုက်ရာမှာ အမေရိကန် စစ်သားတွေ မသုံးရ၊ အာဖဂန် စစ်ဘုရင်ရဲ့ စစ်သားတွေကိုပဲ သုံးရမယ်၊ အမေရိကန် စစ်သားတွေက တောင်အောက်က ကူပေးမယ်၊ အမေရိကန် လေတပ်မှ ဗုံးမိုးရွာလိုက်ရင် ဘင်တို့ သေနိုင်တယ်လို့ပေါ့။ တောင်ပေါ်မှာ CIA စစ်သားဟောင်း လူတစုပဲ ရှိကြတယ်။
 
အာဖဂန် စစ်ဘုရင်တွေရဲ့ ထုံးတမ်းအစဉ်အလာက ငွေပိုပေးသူကို သစ္စာရှိတယ်။ ဘင်လာဒင်တို့က ဘာလှည့်လိုက်တယ်မသိ၊ အာဖဂန် စစ်ဘုရင်က ဘင်တို့ကို မတိုက်တော့။ CIA အထူးတပ်ဖွဲ့ကို ဘင်တို့က လိုက်တိုက်တော့  မနည်း အလွတ်ရုန်းခဲ့ကြရတယ်။ လူတိုင်း တွက်တာက ဘင်လာဒင်တို့ ပါကစ္စတန်ဘက်ကို ကူးပြီး ပျောက်သွားကြတယ်ပေါ့။ နောက်မှသိရတာက အာဖဂန်က ဂျာဂျာလဖတ်မြို့က စိတ်ချရတဲ့ အိမ်ကမှတဆင့် အာဖဂန် အရှေ့မြောက်ဒေသရှိ လူခေါင်ဝေးလံတဲ့ ကူနာဒေသကို ထွက်သွားတယ်လို့ တယ်လီဂရပ် သတင်းသမားက သူ့ဆောင်းပါးမှာ မကြာခင်က ပေါက်ကြားခဲ့တဲ့ ဝီကီလိမှာပါတဲ့ စစ်ချက်ကို အထောက်အထားပြုပြီး ရေးခဲ့ပါတယ်။
 
ဒါ … စစ်ရေးအရ ဘယ်ခြောက်ကာ ညာလှမ်း၊ မထင်တဲ့ လမ်းက ဖောက်ထွက်ခဲ့တာပဲ။
 
နောက်တခါ ဘင်လာဒင်ဟာ တခါတည်း အစဖျောက်သွားတယ်။ အမေရိကန်တွေဟာ ခေတ်မီနည်းပညာတွေမှာ ထူးချွန်တာကြောင့် ဘင်ကြီးဟာ လျှပ်စစ်ပစ္စည်း ဘာမှမသုံးတော့ဘူး။ ဆက်သွယ်ရေး အားလုံးကို လူယုံတွေကပဲ တဆင့်ဆက်သွယ်တော့တယ်။ သူနဲ့ သူ့နံပါတ် ၂ အီဂျစ်လူမျိုး Ayman Muhammad Rabaie al-Zawahiri တို့ အသက်ရှင်နေသေးကြောင်း လိုရင်လိုသလို ကြေညာချက်တွေ ဗီဒီယိုတွေ ထုတ်ပြီး ကမ္ဘာကို ကြေညာလေ့ရှိတယ်။
 
ထောက်လှမ်းရေး အလုပ်မှာ (လှုပ်ရှားမှု) မရှိရင်၊ အသံဖမ်းလို့ မရရင် ဘယ်ဆီရှိမှန်း ခန့်မှန်းလို့ မရဘူးပေါ့။ ပိုဆိုးတာက ပါကစ္စတန်ရဲ့ အနောက်မြောက်ဒေသဟာ အစိုးရအာဏာ သိပ်တည်တာမဟုတ်။ ကိုယ့်ရပ်ကွက်မှာ လူကြီးတွေက ကိုယ်ပိုင်အုပ်ချုပ်တဲ့ ဒေသ။ ဒါ့အပြင် အဲဒီဒေသရဲ့ ထုံးတမ်းအစဉ်အလာက ကိုယ့်ဧည့်သည်ဆိုရင် ကိုယ်စောင့်ရှောက်ရမယ်။ ဘင်လာဒင်က ငွေသုံးနိုင်ပြီး ဒေသလူကြီးတွေကို ဝယ်ယူလိုက်တော့ ဒေသခံတွေရဲ့ ဧည့်သည်၊ ဒေသခံတွေရဲ့ အစောင့်အရှောက်ခံ ဖြစ်သွားတော့ အပြင်လူ မဝင်ရတဲ့ ဒေသကို ဘယ်လိုဝင်ပြီး ဘင်လာဒင်ကို ရှာနိုင်မှာလဲ။
 
ဒါ့အပြင် ပါကစ္စတန်နိုင်ငံရဲ့ ISI ထောက်လှမ်းရေးအဖွဲ့က နှစ်ဖက်စားတဲ့ လူလည်ကြီးအဖွဲ့ ဖြစ်နေပြန်တယ်။ တာလီဘန်ဆိုတာ ISI က ဖွဲ့ပေးခဲ့တာ။ အာဖဂန်က လက်ရှိသမ္မတ ကာဇိုင်းဟာ ပါကစ္စတန်နဲ့ ရန်ဘက်ဖြစ်တဲ့ အိန္ဒိယ သြဇာခံလို့ ပါကစ္စတန်ဘက်က ယူဆတယ်။ အမေရိကန်တွေ ထွက်သွားရင် သုံးဖို့ တာလီဘန်တွေ ရှိမှကိုး။ ဒေသတွင်း အင်အားပြိုင်မှုက ပါဝင်နေသေးတယ်။ ဒါကြောင့် ပါကစ္စတန်က နှစ်ဖက်ကစားတယ်။ 

အမေရိကန်တွေက ပါကစ္စတန်ထဲ မောင်းသူမဲ့လေယာဉ်တွေက ဗုံးကြဲလိုရင် ISI နဲ့ ပါကစ္စတန်က အမေရိကန် သံအမတ်လက်မှတ်ပါမှ ပစ်ခွင့်ရှိတယ်။ အမှန်က ကြိုးနီနဲ့ ပိတ်ထားပြီး အရေးပါတဲ့ သူတို့လူတွေကို ISI က သတိပေးနိုင်တာကြောင့် အောင်မြင်မှု မရခဲ့ကြဘူး။
 
သမ္မတဘုရှ်ဟာ သက်တန်းကုန်ခါနီးမှာ စိတ်မရှည်နိုင်တော့တာနဲ့ ဒီကြိုးနီစနစ်ကို ကျော်စေဖို့ လိုအပ်ရင် ခွင့်မတောင်းဘဲ ပစ်နိုင်တယ်ဆိုပြီး လျှို့ဝှက်အမိန့်ပြန်ထမ်း ထုတ်ခဲ့တာကြောင့် အမေရိကန်တွေ လွတ်လွတ်လပ်လပ် ပစ်ပိုင်ခွင့် ရခဲ့ကြပြီး အဲလ်ကိုင်းဒါး ခေါင်းဆောင်အများအပြားကို ချေမှုန်းနိုင်ခဲ့တယ်။ သမ္မတ အိုဘားမား လက်ထက်မှာ မောင်းသူမဲ့ ဒရုန်းတွေကို ပိုသုံးလာခဲ့တယ်။
 
ထောက်လှမ်းရေးမှာ အရေးအကြီးဆုံးက ကွင်းဆက်ရှာတတ်ဖို့ လူကိုသုံးပြီး သတင်းယူတယ်၊ လျှပ်စစ်ပစ္စည်းတွေ သုံးပြီး သတင်းစုတယ်။ ဒီရလာတဲ့ သတင်းတွေကို ချိတ်နိုင်ဖို့က အရင် (သုံးသပ်) တတ်ဖို့ လိုတယ်။ ဒီသုံးသပ်ချက်တွေကမှ ထူးခြားချက်တွေကို ရှာ၊ ဒီကမှ ကွင်းဆက်ကိုမိမှ ပစ်မှတ်တို့ရဲ့ လှုပ်ရှားမှု လှည့်ကွက် ရွှေ့ကွက်တွေကို ခြေရာခံမိမယ်။ ဒါမှ ထောင်ဖမ်းမယ်၊ လိုက်ဖမ်းနိုင်မှာပေါ့။ အဆင့်မြင့် ထောက်လှမ်းရေးအတွက် သုံးသပ်ချက်မပါတဲ့ သတင်းသက်သက်ဟာ ဆားမပါတဲ့ ဟင်းလို ပေါ့ရွှတ်ရွှတ်ကြီးပဲ။
 
အီရတ်စစ်ပွဲ အရှိန်တက်တဲ့ အချိန်က နာမည်ကျော် အကြမ်းဖက်သမား ဇကာဝီကို ဖမ်းလို့ မမိနိုင်တာကြောင့် အမေရိကန် စစ်တပ်က အသုံးမကျ ဖြစ်လာတယ်။ ဇကာဝီကို ဖမ်းမိဖို့ ချေမှုန်းရေး အထူးအဖွဲ့တွေ ဖွဲ့ပြီး သဲကြီးမဲကြီး လိုက်ရှာကြတယ်။ ဒါပေမဲ့ အီရတ်လိုနိုင်ငံမျိုးမှာ Tribalism လို့ခေါ်တဲ့ အုပ်စုဖွဲ့စနစ်က ကြီးစိုးတုန်း ရှိသေးတာကြောင့် သူတို့ အုပ်စုငယ်လေးတွေကို ထိုးဖောက်ဖို့က ခက်တယ်။ ကျနော်တို့ ကိုလိုနီခေတ်က အဖြူတွေက ဘုရားပေါ် ဘွတ်ဖိနပ်တွေနဲ့တက်တော့ မိမိယဉ်ကျေးမှုနဲ့ ကန့်လန့်ကြီး ဖြစ်နေတယ် မဟုတ်လား။ ဒီတော့ ဒေသခံတွေဆက ဘယ်သတင်း ရနိုင်ပါ့မလဲ။
 
လူတိုင်းဆီမှာ အားနည်းချက် ကိုယ်စီတော့ ရှိကြစမြဲပဲ။ ဇကာဝီတို့ဟာ ဘာသာရေး အလွန်အကျွံ အကြမ်းဖက်သမားတွေဆိုတော့ တဖက်က လူသတ်ရက်စက်နေပေမယ့် တဖက်က ဘာသာရေးကို လက်မလွှတ်နိုင်ဘူး။ ဒါကြောင့် သူယုံတဲ့ ဘာသာရေးဆရာကို တွေ့လေ့ရှိတယ်။ ဒီဘာသာရေး ဆရာ ဘယ်သူဆိုတာ သိတာနဲ့ သူ့ဆီက စောင့်နေရုံပဲ။ ဇကာဝီ ရောက်လာမှန်း သေချာတာနဲ့ အက်စ် ၁၆ လေယာဉ်ကို တည်နေရာပြမှတ် အတိအကျပေးပြီး ပေါင် ၅ဝဝ ဗုံးနှစ်လုံး ကျွေးလိုက်တာ ကိစ္စချောသွားရော။ ဇကာဝီနေရာ ယူသူတွေရှိပေမယ့် ခေါင်းဆောင်ချင်း မတူကြဘူး။ တဖြည်းဖြည်းနဲ့ ဇကာဝီရဲ့ အဖွဲ့ဟာ အရေးမပါတော့ဘူး။
 
ဘင်လာဒင်ကြီးကို ကြည့်ရင်လည်း ခေတ်မီဆက်သွယ်ရေး လမ်းကြောင်းတွေကို အကုန်ပိတ်ထားရင် ကျန်တာက လူကိုသုံးတဲ့ နည်းပဲ ကျန်တော့တာပေါ့။ ဘင်ကြီးယုံတာ ဘယ်သူလဲဆိုတာသိရင် ကွင်းဆက်ရှာရပြီပေါ့။ ဘင်ဟာ ဥာဏ်ရှိတယ်။ ဒါပေမဲ့ ထောက်လှမ်းရေးသမား မဟုတ်တာကြောင့်ရယ် ၁ဝ နှစ်လုံးလုံး ရှောင်နိုင်ခဲ့တော့ အယုံအကြည် လွန်သွားတာ ဖြစ်နိုင်တယ်။ ထောက်လှမ်းရေးမှာ ဘယ်တော့မှ ပုံစံဝင်တယ်ဆိုတာ မရှိစေရဘူး။ ဥပမာ ဒီလမ်းပဲ နေ့စဉ်သုံးရင် ဒါ ပုံစံဝင်တာပဲ။ လမ်းကြောင်းကို အမြဲပြောင်းနေရမယ်။ ရန်သူမစဉ်းစားနိုင်အောင် တကွက်ကျော် တွေးတဲ့ အကျင့် လုပ်ရတယ်လို့ ဆိုတယ်။

အမေရိကန် ထောက်လမ်းရေးတွေက သူတို့ကိုယ်တိုင် ဇာတ်ကြမ်းမကိုင်နိုင်ဘူး။ ဒါကြောင့် ကိုင်နိုင်တဲ့၊ ကိုင်တတ်တဲ့ သူတွေရဲ့ အကူအညီကို ယူခဲ့တော့ အရှေ့ဥရောပနိုင်ငံ နှစ်ခုမှာ စစ်ကြောရေး ဝင်တုန်း ဘင်ကြီးယုံတဲ့ လူတယောက်ရဲ့ နာမည်ဝှက်ကို ရလိုက်ကြတယ်။ ပိုကံကောင်းသွားတာက ၂ဝဝ၅ ခုနှစ်လောက်မှာ လီဖီ Abu Faraj al-Libbi ဆိုသူကို ISI က မိလာပြီး၊ အမေရိကန်တွေလက်ထဲ ထည့်လိုက်တယ်။ လီဖီက ဆက်သွယ်ရေးသမား လူစာရင်းကို ပေးလိုက်တယ်။ ဒီအထဲမှာ 9/11 ကို တီထွင်ဖော်ထုတ်တဲ့ ခါလစ်ရှိပ်မိုဟာမက်ရဲ့ တပည့်လည်းဖြစ်ပြီး၊ လီဖီရဲ့ လူယုံတယောက်ကို စကာတင် စိတ်ဝင်စားဖွယ် သတိထားမိကြတယ်။ ဒါတွေဟာ အချိန်ယူ သုံးသပ်မှုတွေက ရလာတဲ့ အကျိုးကျေးဇူးတွေပေါ့။ နောက် ၂ဝဝ၇ မှာ မိလာတဲ့ အဆင့်မြင့် လူတယောက်ကလည်း ဒီလူကိုပဲ လက်ညှိုးထိုးပြန်တယ်။ ခက်တာက နာမည်ရင်းတွေ မဟုတ်။ ဒီလူဟာ ကူဝိတ်လူမျိုးဆိုတာပဲ သိတယ်။
 
အမေရိကန် ထောက်လှမ်းရေးဆိုတာနဲ့ လူတွေက  CIA ကိုပဲ သိကြတယ်။ CIA ထက် ဘတ်ဂျက်ပိုများတာက NSA လို့ခေါ်တဲ့ လေလှိုင်းပေါ်မှာ ရှိတာတွေကို အကုန်နားထောင်ထဲ့ အေဂျင်စီပဲ။ သူက ဒီစီနဲ့ ဘော်တီမော်အကြား မေရီလန်းပြည်နယ် ဖော့မိ Ft Meade မှာ ရှိတယ်။ နောက် NRO လို့ခေါ်တဲ့ ဂြိုဟ်တုတွေကို ထိန်းချုပ်တဲ့ အေဂျင်စီ။ အမေရိကန် အေဂျင်စီ ၂၈ ခုဟာ ထောက်လှမ်းရေးနဲ့ဆိုင်တာ။ သူတို့ကို အမှောင်အေဂျင်စီ Black Agencies လို့ ခေါ်တယ်။ ဘတ်ဂျက် အတိအကျလည်း မထုတ်ဖော်ဘူး။ ကွန်ကရက်က လိုအပ်သူတွေပဲ သိခွင့်ရှိတယ်။ 9/11 အပြီးမှာ အားလုံး တဖွဲ့တစည်းထဲ စုလိုက်ပြီး ဒါရိုက်တာ တယောက်ရဲ့ အောက်မှာ စုထားလိုက်တယ်။
 
ဒီလူဟာ ဘယ်သူဘယ်ဝါ၊ ဘယ်မှာနေတယ်ဆိုတာ ၂ဝဝ၉ ခုနှစ်မှာမှ ခြေရာခံမိတယ်။ ဒီလူရဲ့ ကူဝိတ်က မိသားစု  ဖြစ်နိုင်ခြေရှိတဲ့ အသိတွေအားလုံးကို မိုးပေါ်က စောင့်ကြည့်နေကြတာ။ ၂ဝ၁ဝ ဇူလိုင်မှာမှ ပါရှဝါမြို့မှာ သွားတွေ့ပြီး နောက်က နောက်ယောင်ခံကြည့်တော့ အခုတွေ့ရတဲ့ အဲဘော့တာဘတ် Abbottabad မှာ။ အံ့အားသင့်စရာက အလုပ်အကိုင်မရှိတဲ့ ညီအကိုနှစ်ယောက်က ဒေါ်လာသန်းချီတန်အိမ်မှာ နေနိုင်တယ်။ ခြံစည်းရိုး အမြင့်ကြီးတွေ ဆောက်ထားတယ်။ အမှိုက်တွေကို မပစ်ဘူး၊ မီးရှို့ပစ်ကြတယ်။ အိုင်တီခေတ်မှာ တယ်လီဖုံးလိုင်း၊ အင်တာနက်လိုင်း မရှိဘူး။ စတဲ့ ထူးခြားချက်ကလေးတွေကို တွေ့ရတဲ့အပြင် ဒီအိမ်ဟာ အဖိုးမြင့် လူတယောက်ကို ဝှက်ဖို့ တည်ဆောက်ထားတယ်ဆိုတာ ထင်ရှားလာတယ်။ 
 
ဘင်လာဒင် သတိရှိတာက တခါမှ အပြင်မထွက်ဘူး။ ဒါကြောင့်  ခန့်မှန်းရုံထက်ပိုပြီး အတိအကျ မပြောနိုင်ဘူး။ ဘင်ကြီးနဲ့ မျက်နှာချင်းဆိုင်တွေ့မှ ဘင်ဖြစ်ကြောင်း သေချာရတော့တယ်။ ဘင် သတိရှိပေမယ့် သူ့တပည့်က မသိဘဲ ဖုန်းကိုင်လိုက်တာ အမေရိကန်တွေ ဘင်ကြီး တံခါးဝ ရောက်လာတယ်။ တကွက်မှားသော ကျားဆိုသလို တချက်မှားတာနဲ့ အသက်ပါသွားတာပဲ။
 
လူတိုင်းက ဘင်တို့အဖွဲ့ကို ကိုယ်ပိုင်လွတ်လပ်တဲ့ တောင်တန်းဒေသက ဂူကြီးတွေထဲမှာ ပုံးနေတယ်လို့ ထင်ကြတယ်။ တကယ်တော့ ပါကစ္စတန်ရဲ့ စစ်တက္ကသိုလ် တည်ရှိရာနဲ့ ကိုက် ၅ဝဝ ကျော် စစ်မြို့မှာ ဘင်ကြီးက ဇိမ်ကျနေတာကိုး။ ဘင်ရဲ့တခြားပြဿနာက ပုန်းရှောင်နေတာတောင် မိန်းမငယ်ငယ်နဲ့ မိသားစုတွေက ပါရတယ်။ တပြုံတခေါင်းကြီး။ ဒီအိမ်ဟာ ၂ဝဝ၅ မှာ ဆောက်တာဆိုတော့ အဲဒီအပြီးကတည်းက နေနေတာလားမသိ။ မထင်တဲ့ နေရာမှာ ရှောင်တာပဲ။ အားလုံးက တောထဲတောင်ထဲက ဂူတွေမှာ ပုန်းနေတယ်လို့ ထင်တာ။ အနောက်မြောက် ဒေသမှာ အပူတပြင်းရှာ နေကြတဲ့ အချိန် ဘင်လာဒင်က စစ်တပ်မြို့က အိမ်ကြီးမှာ ဇိမ်နဲ့ ပြောင်ပြောင်တင်းတင်း ပုန်းနေတာ။ မထင်တဲ့ နေရာ၊ မရှာမယ့် နေရာမှာ ပုန်းနေတာ။ ဒါကိုက လှည့်ကွက်ပဲ။
 
ဘင်လာဒင်တို့ တော်တာက အမေရိကန်တွေ အဲလ်ကိုင်းဒါးကို လိုက်ချေမှုန်းပြီ ဆိုတာနဲ့ ဒေါင်လိုက် အုပ်ချုပ်မှုကနေ ဖရန်ချိုင်း လုပ်ပစ်လိုက်တယ်။ ဥပမာ ကမ္ဘာပေါ်မှာ မက်ဒေါ်နယ်ဆိုင်တွေ အများကြီး ရှိကြတယ်။ ဒီဆိုင်တွေ အားလုံးကို မက်ဒေါ်နယ်ကုမ္ပဏီက ပိုင်တာ မဟုတ်။ တကယ်လို့ မက်ဒေါ်နယ်ဆိုင် ဖွင့်ချင်တယ်ဆိုရင် မက်ဒေါ်နယ်ကုမ္ပဏီက စည်းမျဉ်းတွေကို လိုက်နာပြီး၊ သူ့ကုမ္ပဏီက MENU အတိုင်း ရောင်းချရင် သူ့ကုမ္ပဏီနာမည်ခံဆိုင် လာဖြစ်တာကို ဖရန်ချိုင်းလို့ ခေါ်ပါတယ်။ ဒါကြောင့် အီရတ်မှာ ဂျော်ဒန်က ဇကာဝီက အဲလ်ကိုင်းဒါး အမည်ခံလိုက်တော့ သူ့အဖွဲ့အမည်ဟာ အီရတ်မှ အဲလ်ကိုင်းဒါး လာဖြစ်တာပေါ့။ အဲလ်ကိုင်းဒါးအမည် ခံလိုက်တော့ ပိုပြီး နာမည်ရလာပြီး ဝင်ချင်သူ ပိုများလာတာပေါ့။  ဘင်လာဒင်အဖို့ကလည်း အနယ်နယ် အရပ်ရပ်မှာ ငါတို့ ရှိတယ်ပေါ့။ အခုဆို ရီမင်မှာလည်း ရီမင်အဲလ်ကိုင်းဒါးအဖွဲ့က ထကြွသောင်းကျန်းနေတယ်။
 
ဒါပေမဲ့ သိပ်မထင်ပေါ်သေးတဲ့ ပြဿနာရှိတယ်။ လူကြီးတွေနဲ့ ဝေးသွားတော့ သူတို့အထဲက အစွန်းရောက် ရန်-ငါ-စည်း သမားတွေက နည်းနည်းဆို ရက်ရက်စက်စက်သတ်တော့ လူတွေက ရွံလာကြတယ်။ ထောက်ခံမှု ကျလာသလို မလိုအပ်ဘဲ ရန်သူများလာကြတာပေါ့။ နောက် ခေါင်းဆောင်ကောင်းဆိုတာ နေ့တိုင်း ရှာတွေ့တာ မဟုတ်ဘူး။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ အတွေ့အကြုံ လိုတယ်၊ သတ္တိအရည်အချင်း လိုတယ်။ ဒါတွေက မွေးရာပါ။ ဖန်တီးယူလို့ မရ။ ဒါကြောင့် အမေရိကန်တွေက များများမြန်မြန် ရှင်းနိုင်ရင် ရေရှည်မှာ ပြဿနာ ရှိလာနိုင်တယ်။ အဖမ်းခံ၊ အသတ်ခံရတဲ့ နှုန်းက ပြန်ဖြည့်နိုင်တဲ့ နှုန်းထက် များနေရင် ထပ်ဖြည့်တဲ့ ခေါင်းဆောင်တွေရဲ့ အရည်အသွေးဟာ အရင်လူတွေလောက် မထက်မြက်ရင် ရေရှည်မှာ အဖွဲ့အစည်းရဲ့ ထိရောက်မှု ကျဆင်းလာတာပဲ။
 
ဒါ့အပြင် ဘင်ကြီးဟာ အကြမ်းဖက် သမားတွေရဲ့ မျှော်လင့်ချက်။
 
နံပါတ်နှစ် လူက ဥာဏ်သမား၊ သတ္တိဗျတ္ထိ။ ဉာဏ် ဗျတ္တိ။ သေရဲသတ်ရဲတာကျတော့ ဘင်ကြီးကို မမီ။ ဘင်ကြီးနေရာ ယူနိုင်တဲ့သူ မမြင်မိ။ ရေရှည်မှာ ပြဿနာရှိတယ်။ အခု အမေရိကန်တွေရဲ့ သေနတ်တွေက ဒုတိယလူဆီ ချိန်နေကြပြီပေါ့။ ဒါကြောင့် ဘယ်သိပ်လှုပ်နိုင်မှာလဲ။ နောက် ဒီအကြမ်းဖက်သမားတွေဟာလည်း ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ရှိတယ်။ ဒါကြောင့် ဘင်လာဒင် သေတာဟာ အကြမ်းဖက်သမားတွေအတွက် အဆုံးရဲ့ အစ ဖြစ်နိုင်တယ်။
 
နောက် ဘင်လာဒင်ရဲ့ ထူးခြားချက်တခုက စိတ်ပိုင်းဖြတ်ပြီးရင် ပထမအကြိမ် မအောင်မြင်ရင်တောင် စိတ်လျှော့မသွားဘူး။ အမှားကို သင်္ခန်းစာယူပြီး တခါထပ်ကြိုးစားပြန်တယ်။ ဥပမာ ၁၉၉ဝ နှစ်ဦးပိုင်းတွေလောက်မှာ ယူဆက်ဆိုသူက နယူးယောက်မြို့က WTC ကမ္ဘာ့ကုန်သွယ်ရေးစင်တာကိုပဲ မြေအောက် ကားရပ်တဲ့ဆီမှာ ထရပ်ကားအပြည့် ဓာတ်မြေသြဇာတွေထည့်ပြီး ဗုံးဖောက်ခဲ့တယ်။ အမှန်က အောက်ခြေကို ဖြိုရင် ပြိုမယ်ထင်ခဲ့တာ။ ဒါပေမဲ့ အဆောက်အဦ ပမာဏနဲ့ သုံးတဲ့ ဗုံးပမာဏ မမျှတာကို သင်္ခန်းစာယူပြီး လေယာဉ်တွေကို အနုကြမ်းစီး၊ လေယာဉ်လောင်စာတွေကို ဗုံးအဖြစ် သုံးတာပဲ။ ဒါ ဘင်လားဒင်ရဲ့ (ဇွဲ) ကြီးတာ။ နောက် ဘင်လာဒင်က စိတ်ရှည်တယ်။

ဘင်လာဒင်ရဲ့ အားနည်းချက်က မြန်မာတွေရဲ့ အဖြစ်နဲ့ တူတာရှိတယ်။ အင်အားစုတာ၊ ထောက်ခံမှုရတာ ရှိပေမယ့် ဒီထောက်ခံမှုကို ဒီအင်အားကတဆင့် အောင်မြင်မှု ဖြစ်အောင် ဘယ်လို ပုံဖော်မလဲဆိုတာကျ ဗျူဟာပိုင်းမှာ အားနည်းတယ်။ တနည်းအားဖြင့် Idealism စိတ်ကူးယဉ် နိုင်ငံရေး ဆန်သွားတယ်။
 
ဘင်လာဒင်ရဲ့ ရည်မှန်းချက်က အစ္စလာမ်ဘာသာ စထွန်းကားစဉ်က နိုင်ငံနယ်နိမိတ်မရှိတဲ့ အစ္စလာမ်နိုင်ငံကြီး caliphate ကြီးလို စပိန်ကနေ အင်ဒိုနီးရှားအထိ ပြန်ထူထောင်ဖို့။ ရှယီယာ Sharia ဥပဒေလို့ ခေါ်တဲ့ အစ္စလာမ် ဥပဒေကို ကျင့်သုံးကြဖို့။
 
ဒါပေမဲ့ ဘင်လာဒင်တို့ ဘာသာကို ယုံကြည်တဲ့ ပုံသဏ္ဍာန် အဓိပ္ပာယ်ဖော်ဆောင်ပုံ က တဖက်စွန်း ရောက်တယ်။ ဝါဟတ်ဘီဝါဒလို့ ခေါ်တယ်။ ၁၈ ရာစုနှစ်လောက်က ဆော်ဒီအာရေးဘီးယားမှာ ဝါဟတ်ဆိုတဲ့ ဘာသာရေးပညာရှင် တယောက်ဟာ အစ္စလာမ်ဘာသာကို သန့်စင်အောင် လုပ်ရမယ်ဆိုပြီး သူ့ရဲ့ ပညတ်ချက်တွေကို ဖော်ထုတ်လာတယ်။ ဆော့ဘုရင်က ဝါဟတ်ရဲ့ သမီးကို သိမ်းပိုက်လိုက်ပြီးကတည်းက Wahhabism လို့ခေါ်တဲ့ ဘာသာရေးဝါဒဟာ ဆော်ဒီအာရေးဘီးယားမှာ ကြီးစိုးခဲ့တယ်။ ဘုရင်စနစ်က ဓားမိုးထားပြီး ဝါဟတ်ဘီဝါဒက ဘာသာရေးနဲ့ ထိန်းထားတာ အခုထိပဲ။
 
ဘင်တို့ရဲ့ ပြဿနာက မိမိရဲ့ ယုံကြည်မှုကို ဓားမိုးပြီး အတင်းအဓမ္မ ယုံကြည်ခိုင်းတာ။ ဒီမိုကရေစီ … ဒီမိုကရေစီလို့ ကုန်းအော်နေကြတဲ့ ၂၁ ရာစုနှစ်နဲ့ သိပ်သဟဇာတ လာမဖြစ်ဘူး။ အာဖဂန်မှာ ကျင့်သုံးလိုက်တာလည်း နာမည်ပျက်၊ အခု ဆော်ဒီလည်း ယိုင်တိုင်တိုင်။ ဘယ်လို တွေးခေါ်မှု၊ ယုံကြည်မှုနဲ့ အနိုင်ယူမယ်ဆိုတာ မသိဘူး။ လောလောဆယ် အကြမ်းဖက်ပြီး လူစုတုန်း။ အချေမှုန်းခံရဖို့ များတယ်။

ဘာသာရေးမှာပဲ လုံးဝဥဿုံ အမှန်တရား Absolute Truth ဆိုတာ ရှိတာကိုး။ ဒါ့အပြင် ငါ့ပြန်ဆိုချက်ကမှ အမှန်ဆိုတော့ မခက်ဘူးလား။ ပိုကြောက်စရာ ကောင်းတာက မင်းတို့မနာခံရင် အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုက အတော်ရုပ်ဆိုးတယ်။ ဒါ ဘင်လာဒင်တို့ရဲ့ တဖက်စွန်း အတွေးအခေါ်ပဲ။ ယုံသလား၊ မယုံဘူးလား အဖြူ-အမည်းပဲ ရှိတယ်။
 
ထို့နည်းတူစွာပဲ ဘင်လာဒင်တို့ကို သမ္မတ ကလင်တန်လက်ထက်မှာ အန္တရာယ်လို့ မမြင်ဘူး။ ဥပဒေ ချိုးဖောက်သူ ရာဇဝတ်သားလို့ပဲ မြင်တယ်။ ဒါကြောင့် မိရင် ရုံးတင်စစ်မယ်။ ဒါပေမဲ့ ဘင်တို့က ရိုးရိုးရာဇဝတ်သားတွေ မဟုတ်။ အမေရိကန်နိုင်ငံ ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေကြတဲ့ အကြံသမားတွေ၊ အကြမ်းဖက်သမားတွေ။ အမေရိကန်တွေ တွေဝေနေတာကို ကြည့်ပြီး  ပိုအတင့်ရဲလာတယ်။ 9/11 မှာ တာဝါနှစ်ခုလုံး ပြိုကျမှ အိပ်ရာက လန့်နိုးလာကြတယ်။ ဘုရှ်က ဘာသာရေးမှာတော့ ဘင်ကြီးနဲ့ နင်လားငါလားပဲ။ တိုင်းပြည်နဲ့ လူမျိုးနဲ့ ဘာသာကို ထိလို့ကတော့ ဓားကြည့်ဆိုတဲ့ လူစားမျိုး။ ဘင်တို့ကို ဥပဒေနဲ့ ဖြေရှင်းရမယ့် ရာဇဝတ်မှုလို့ မမြင်တော့ဘူး။ ဒါ … စစ်ပွဲလို့ မြင်တယ်။ ဒါကြောင့် ရာဇဝတ်မှု လွန်ကျူးမှ ဖမ်းဖို့ထက် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း လိုက်ဖမ်းလိုက်သတ် လုပ်တော့တာပဲ။ လိုအပ်ရင် ရေနှစ်ပြီး စစ်ဖို့အထိ ခွင့်ပြုလာခဲ့တယ်။
 
မှားတာ မှန်တာ အပထားလို့ စိတ်ကူးယဉ် ကမ္ဘာထဲကနေ လက်တွေ့ မီးပုံထဲ ခုန်ချလိုက်တာပဲ။ ဒါကြောင့်လည်း ဘင်လာဒင်တို့ အဖွဲ့ကို ဖြိုခွဲနိုင်ခဲ့တာ။ အခုလည်း ဥရောပက စိတ်ကူးယဉ်သမားတွေက ဘင်လာဒင်ကို သတ်တာ မှန်ရဲ့လားဆိုပြီး ဂျာမန် စပီးဂာလ် မဂ္ဂဇင်းမှာ တင်ပြထားတယ်။ ဒီလူတွေဟာ တကယ်တော့ လပ်တေးကော်ဖီလေး စုပ်လိုက်၊  စီးကရက်လေး ဖွာလိုက်၊ မီးခိုးတွေကြားမှာ လူ့အခွင့်အရေးလေး တွေးလိုက်နဲ့ စိတ်ကို အစားကျွေး၊ ဦးနှောက်ကို အလကား အလုပ်ပေးတမ်း ကစားနေကြတဲ့ စိတ်ကူးယဉ်သမားတွေ သက်သက်လို့ စာရေးသူက မြင်မိတယ်။
 
လောကမှာ အရှိကို အရှိအတိုင်း လက်ခံပြီး မိမိမြတ်နိုးရာအတွက် တိုက်ပွဲဝင်မလား၊ စိတ်ကူးယဉ် ကောင်းကောင်းနဲ့ ဖြစ်ချင်ရာတွေ ဖြစ်စေဖို့ စိတ်ကူးယဉ်မလား ဆိုတာကို ရွေးချယ်ရမှာပဲ။
 
၂၁ ရာစုနှစ်မှာ ၆ ရာစု အတွေးအခေါ်နဲ့ လာစိုးမိုးအုပ်ချုပ်ချင်တာ စိတ်ကူးယဉ်တာပဲ။ မာ့က်စ်ရဲ့ ယူတိုးပီးယားဟာလည်း စိတ်ကူးယဉ်သက်သက်ပဲ၊ လက်တွေ့ Plan မရှိဘဲ ရန်-ငါ-စည်း အော်ကြတာလည်း စိတ်ကူးယဉ်သက်သက်ပဲ။
 
(ကူးယူဖော်ပြပါသည် ။။)

တရုတ် အင်အားအတွက် ပထ၀ီနိုင်ငံရေး

Tuesday, 10 May 2011 07:19 ရဲနွယ်မိုး


၁၉၀၄ ခုနှစ်မှာ အင်္ဂလိပ် ပထ၀ီ ပညာရှင် ဆာဟယ်လ်ဖိုဒ့် မက်ကင်ဒါ က သူရဲ့ ကျော်ကြားတဲ့ ဆောင်းပါး တစ်ပုဒ် ဖြစ်တဲ့ `သမိုင်း၏ ပထ၀ီ ဆိုင်ရာ ဆုံချက်´ (The Geographical Pivot of History) အတွက် တရုတ်ကို

သတိထားစရာ အဖြစ် ရည်ညွှန်းရင်း အခုလို ရေးခဲ့ပါတယ်။

 "အကယ်၍ တရုတ်သည် သူ့ နယ်နမိတ်ကို ကျော်လွန်ပြီး အင်အား ချဲ့ကားလာပြီဆိုလျှင်၊ ဤအရာက ကမ္ဘာကြီး လွတ်လပ်မှုအတွက် အ၀ါရောင် အန္တရာယ်ဆိုး ဖွဲ့တည်လာခြင်းပင် ဖြစ်သည်။ အကြောင်းမှာ သူ၏ ပင်လယ်မျက်နှာစာကို ယူရေးရှား (Eurasia) တိုက်ကြီး တခုလုံးအထိ ဆွဲဆန့်သွင်းလာပြီး၊ ရင်းမြစ်အားလုံး အသုံးပြုရင်း ရုရှား ဩဇာ မကြီးနိုင်အောင် ၀ါးမျိုသွားလိမ့်မည်။"

မက်ကင်ဒါ ထောက်ပြတာက ဒီလိုပါ။  ဖြစ်နေကျ လူမျိုးရေး အမျိုးသားရေး ကိစ္စတွေ ခဏဘေးဖယ်ထား။  ပထ၀ီ အမြင်နဲ့ ကြည့်ရင် ရုရှားနဲ့ အခြား ယူရေးရှား နိုင်ငံတွေဟာ ကုန်းတွင်းပိုင်း အင်အားကြီးပေမယ့်၊ ပင်လယ် မျက်နှာစာ ချဲ့ကားဖို့အတွက် ရေခဲတွေက ပိတ်ကားထားလို့ အကန့်အသတ် ရှိနေတယ်။ တရုတ်ကျတော့ သဘာဝ ဆိပ်ကမ်း ကောင်းတွေနဲ့ ကမ်းရိုးတမ်း ရေမိုင် ၉၀၀၀ ကျော် ရှိတာမို့၊ ကုန်းပိုင်း ပင်လယ်ပိုင်း အင်အား နှစ်ခုစလုံးကို ပိုင်ဆိုင်ထားပါတယ်။ မက်ကင်ဒါ အနေနဲ့ တရုတ်ဟာ တစ်နေ့နေ့မှာ ရုရှားကိုတောင် လွှမ်းမိုးသွားမှာ သူစိုးရိမ်ကြောင်း ဖွင့်ပြောထားခြင်း ဖြစ်ပါတယ်။

 ဆက်ပြီး မက်ကင်ဒါ ပြောတာက တရုတ်ဟာ သူရဲ့ တွင်းထွက်ပစ္စည်း၊ ဟိုက်ဒရိုကာဗွန်၊ ဓနရင်းမြစ်တွေနဲ့ ဗဟိုအာရှထိ ဖြန့်ကျက်ပြီး ပစိဖိတ် သမုဒ္ဒရာကို အဓိက သင်္ဘော လမ်းကြောင်းတွေ ဖွင့်ထားမယ်။ ပြီးရင် အမေရိက၊ ဂရိတ်ဗြိတိန် တို့နဲ့အပြိုင် ကမ္ဘာ့ လေးပုံတစ်ပုံသော လူသား ယဉ်ကျေးမှုသစ်ကို ဦးဆောင် သွားလိမ့်မယ်လို့ ဆိုပါတယ်။

မက်ကင်ဒါ စိုးရိမ်တကြီးနဲ့ ပြောခဲ့တဲ့ တရုတ်ရဲ့ ပထ၀ီ အနေအထားက ကနေ့ အလွန်ကို အရေးပါလာပါပြီ။ ပထ၀ီ အားသာမှုက လက်ရှိ စီးပွားရေး ဆန်းပွင့်မှုနဲ့ အမျိုးသားရေး စိတ်ပြင်းထန်မှုတို့ ထက်ကို တရုတ်အတွက် ပိုမျက်နှာသာ ပေးနေတယ်လို့ ဆိုရပါမယ်။ ဆိုလိုတာက နှစ်၃၀ လောက် နှစ်စဉ် ဂျီဒီပီ ၁၀ ရာခိုင်နှုန်းနဲ့ ပုံမှန် စီးပွားရေး မျဉ်းဖြောင့် အတိုင်း တိုးတက်နေရာကနေ ရုတ်တရက် ထိုးစိုက်ဆင်းဦးတော့၊ ပထ၀ီနိုင်ငံရေး ဗဟို အချက်ကျမှုက တရုတ်ကို အမြဲမားမားကြီး ကမ္ဘာ့အလယ်မှာ ရပ်တည်နေစေမယ့် သဘောပါပဲ။

 တရုတ်ရဲ့ မူရင်းပုံစံက ဗဟိုကနေ ချုပ်ကိုင်ပြီး လူ့အဖွဲ့အစည်းကို ဖိပြီးဆွဲတင်မယ့် `ဟိုက်ဒရောလစ် ယဉ်ကျေးမှု´ (hydraulic civilization) ဖြစ်ပါတယ်။ အဲဒီ ဟိုက်ဒရောလစ် ယဉ်ကျေးမှုကို အနောက်တိုင်း မော်ဒန်နဲ့ အဆုံးစွန် ရောသမမွှေသွားမယ့် ပုံစံဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်မှုကြောင့်ပဲ ပေကျင်း အစိုးရဟာ သန်းပေါင်းများစွာသော လူထုလုပ်အားနဲ့ အဓိက အခြေခံ အဆောက်အအုံ (infrastructure) တွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီ့ စနစ်ကြောင့်ပဲ ဒီမိုကရေစီ အစိုးရတွေ မလုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ တရုတ်ဟာ မရပ်မနား တက်ကြွရှင်သန်နေပုံ ရပါတယ်။

 နှစ်ပေါင်း ၄၀၀၀လောက်က စခဲ့တဲ့ မင်းဆက် ၂၅ဆက်ရဲ့ ပင်ပွားမျိုးဆက်၊ ကွန်မြူနစ် အမည်ခံ ယနေ့ တရုတ် အုပ်စိုးသူများဟာ အနောက်တိုင်း နည်းပညာတွေနဲ့ ကျင့်သုံးပုံတွေကို စုတ်ယူနေတယ်။ အနောက် နည်းပညာ တွေကို ကိုယ့်ကိုယ်ပိုင် ယဉ်ကျေးမှု အတွေ့အကြုံတွေနဲ့ စနစ်တကျ ပေါင်းစပ်ပြီး၊ အခြားနိုင်ငံငယ်တွေကို မိမိရဲ့ မြစ်လက်တက်သဖွယ် ဆက်ဆံထားပါတယ်။

 စင်္ကာပူ ၀န်ကြီးတစ်ဦး ပြောသလိုဆိုရင် "တရုတ်ဟာ ခင်ဗျားကို ဆွဲဆောင်ဖမ်းစား ညှို့ယူချင်တဲ့အခါ ညှို့ယူမယ်၊ ဖျစ်ညှစ် ချင်တဲ့အခါ ဖျစ်ညှစ်မယ်၊ နှစ်ခုစလုံးကို လုံးဝ စနစ်တကျလုပ်ပါလိမ့်မယ်" တဲ့။ ဒီလိုနဲ့ တရုတ်ရဲ့ အတွင်းပိုင်း တက်ကြွ ရှင်သန်မှု (dynamism)က ပြင်ပ ရည်မှန်းချက်များကို ဖန်ဆင်းပေးလာပါတယ်။

ယနေ့ တရုတ်ပြည်ဟာ သူ့နယ်နမိတ်တွေကို ကြံခိုင်အောင် တည်ဆောက်ရင်း ပြင်ပကို ခေါင်းပြူထွက်ကြည့် လာပါတယ်။ တရုတ် နိုင်ငံခြားရေး ပေါ်လစီ ရည်မှန်းချက်ကြီးပုံက လွန်ခဲ့တဲ့ ရာစုနှစ်က အမေရိကန် ပြည်ထောင်စု လိုပဲ ခပ်ကြမ်း ကြမ်း ရမ်းရမ်းပါ။ သို့သော် အကြောင်းတရား အမျိုးမျိုးနဲ့ လုပ်ပုံကိုင်ပုံ နည်းနာတွေမှာတော့ ကွာခြားမှုတွေ ရှိပါတယ်။

 တရုတ်က သူ့အစိုးရ စနစ်ပုံစံနဲ့ အိုင်ဒီအိုလိုဂျီကို ပျံ့နှံစေဖို့အတွက် နိုင်ငံတကာကို မစ်ရှစ်တွေ လွှတ်တာမျိုး မရှိပါဘူး။ အမေရိကန်ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက နိုင်ငံတကာ ရေးရာတွေမှာ သူ့ဂုဏ်သိက္ခာ ကြီးစေဖို့ ဖြစ်တယ်။ ဒါမျိုး တရုတ်မှာ မလိုဘူး။ တရုတ်ရဲ့ နိုင်ငံတကာရေးဆိုတာက သူ့မှာ လိုအပ်နေတဲ့ စွမ်းအင်၊ သတ္တု၊ တွင်းထွက်တွေ ရယူဖို့ပဲ ဖြစ်ပါတယ်။ ငါးပုံ တစ်ပုံ ပမာဏ ရှိသော သူ့လူထုကို လူနေမှု အဆင့်အတန်း မြှင့်တင် ပေးဖို့က အမြင့်ဆုံး ရည်မှန်းချက်တစ်ခု။

တိုးတက်မှုနဲ့ လောင်စာစီ အပါအ၀င် လိုချင်တာ ရဖို့ဆိုရင် ကမ္ဘာ့နယ်မြေ ဘယ်လောက်ဝေး ဝေးပါစေ၊ ပေကျင်း အစိုးရက မိုးမြေအဆုံး လိုက်ပြီး စွန့်စား ဆက်ဆံမှာပဲ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာထွက် ဆက်ဆံဖို့ တွန်းအား ပေးနေတာက စီးပွားရေး ရှင်သန်စေမှု ဆိုတဲ့ တရုတ် အမျိုးသားရေး အကျိုးစီးပွားပါ။ တရုတ်အစိုးရကို အဓိပ္ပါယ် ဖွင့်ကြည့်ရင် တကယ့် လက်တွေ့ ပါဝါသမား (realist power)။

 ရေနံနဲ့ တွင်းထွက် ပေါကြွယ်ဝတဲ့ အာဖရိက နေရာ တော်တော်များများကို အခု ခြေဆန့်ထားပြီးပါပြီ။ အိန္ဒိယ ပင်လယ်၊ တောင်တရုတ် ပင်လယ် ဆိပ်ကမ်း အားလုံး ထိမ်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ တရုတ်က သူ ဆက်ဆံနေတဲ့ အစိုးရ ဘယ်လိုအစိုးရ ဖြစ်တယ်ဆိုတာ ဂရုမစိုက်ဘူး။ ဘယ်လို အစိုးရ ပုံစံဖြစ်ဖြစ် သူ့အတွက် အကျိုး ရှိမယ်ဆိုရင် ထိတွေ့ဆက်ဆံ သွားမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လဲ အီရန်၊ မြန်မာ၊ ဆူဒန်တို့လို့ တိုးတက်မှုပညာ နုံနည့်တဲ့ အာဏာရှင်တွေဆီကနေ တရုတ်က ရင်းမြစ်တွေ အရမ်း နှိုက်ယူနေတဲ့အခါ၊ သံတမန်နည်း မစ်ရှင်နည်းတွေနဲ့ ချဉ်းကပ်ဖို့ ကြိုးစားတဲ့ အမေရိက၊ အိန္ဒိယတို့နဲ့ ထိပ်တိုက်တိုး ကုန်ပါတယ်။

 ဒါပေမဲ့ တရုတ်နဲ့ အမေရိက ကြားမှာ စစ်ဖြစ်လောက်မယ့် အခြေအနေက ဝေးလှပါတယ်။ တရုတ် စစ်တပ်က အမေရိကကို ခြိမ်းခြောက်ရင်တောင် သွယ်ဝိုက်တဲ့ ပုံစံနဲ့ပဲ ရှိပါမယ်။ တရုတ်နဲ့ ပတ်သက်ပြီး အမေရိကန် နေ့စဉ် ရင်ဆိုင်နေရတဲ့ ကြွေးပြဿနာ၊ ကုန်သွယ်ရေး ပြဿနာ၊ ကမ္ဘာကြီး ပူနွေးမှု ပြဿနာတွေ ရှိလင့်ကစား၊ တကယ် တရုတ် စိန်ခေါ်မယ့် အရာက သူ့ရဲ့ ပထ၀ီ အားသာမှုကနေပဲ ဖြစ်ပါမယ်။

တရုတ်က ယူရေးရှားနဲ့ အာဖရိကတို့ အပေါ် တနေ့တခြား ဩဇာလွှမ်းမိုးလာမှုဟာ ၁၉ရာစု ကိုလိုနီ ပုံစံမျိုး မဟုတ်ဘဲ၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်နဲ့ ပိုမို အံဝင်သင့်လျှော်အေင် ပါးနပ်လွန်းတဲ့ အပြုအမူမျိုး ဖြစ်နေပါတယ်။ သူ့ စီးပွားရေး လိုအပ်ချက် အတွက် အရှေ့ကမ္ဘာခြမ်းရဲ့ ပါဝါချိန်ခွင်လျှာကို အပိုင်ထိန်းချုပ်ဖို့ ကြိုးစားနေမှုဟာ အမေရိကန်အစိုးရကို အများကြီး စိုးရိမ်ပူပန် နေမထိထိုင်မသာ ဖြစ်နေစေပါတယ်။

 မြေပုံအရ ကုန်းမြေနဲ့ ပင်လယ် မျက်နှာသာပေးမှု အခြေအနေကြောင့် တရုတ်ဟာ ဗဟိုအာရှကနေ တောင်တရုတ် ပင်လယ်၊  ရုရှား အရှေ့ဖျားကနေ အိန္ဒိယ ပင်လယ်အထိ မြင်မြင်ထင်ထင် ချဲ့ကားလာပါတယ်။ နပိုလီယံ တခါက ပြောခဲ့တဲ့ "တရုတ်နဲ့ အာရှနိုင်ငံတွေရဲ့ မူဝါဒတွေဟာ ရေရှည်မှာ သူတို့ ပထ၀ီ အနေအထားထဲကပဲ ထွက်လာမယ်" ဆိုတဲ့ စကားဟာ သွေးထွက် အောင် မှန်လာပါ တယ်။

 
 

စပ်ဖျဉ်းဖျဉ်း နယ်စပ် ရောဂါစုများ

စင်ကျန်းပြည်နယ်နဲ့ တိဘက်ဟာ တရုတ်ယဉ်ကျေးမှုကို အမြဲခုခံတတ်တဲ့ လူတွေနေထိုင်တဲ့ ဒေသကြီး နှစ်ခုပါ။ ဒီဒေသ နှစ်ခုရဲ့ လူမျိုးရေး အမျိုးသားရေး တင်းမာမှုများက ပေကျင်းမြို့တော်နဲ့ နီးစပ်တဲ့ ပြည်နယ် ဒေသများအထိ  ရှုပ်ထွေးမှုတွေ ဖြစ်ပေါ် လာတတ်ပါတယ်။

 တရုတ်ပြည် အနောက်ဘက် အကျဆုံး ပြည်နယ်ရဲ့ အမည် `စင်ကျန်း´ ဆိုတာ `လက်အောက်ခံ ပိုင်နက်သစ်´ (new dominion) လို့ ဆိုလိုပါတယ်။  အမေရိကန် တက်ဆပ် ပြည်နယ် နှစ်ဆခန့် ရှိပါတယ်။ တရုတ်-တာကစ္စတန် လူမျိုးတွေ ဖြစ်ပြီး၊ တရုတ်ပြည် အချက်အချာရဲ့ အဝေးမှာ ဂိုဘီသဲကန္တာရကို ဖြတ်လျက် တည်ရှိပါတယ်။ တရုတ်နဲ့ စင်ကျန်းဟာ နှစ်ထောင်ပေါင်းများစွာ သီးခြားစီ တည်ရှိခဲ့ရာကနေ၊ ၁၉ရာစု နှောင်းပိုင်းကျမှ စင်ကျန်းဟာ တရုတ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်သွားရပါတယ်။

 ၂၀ရာစု ဗြိတိသျှ သံတမန် ဆာ ဖစ်ဇ်ရွိုင်း မက်လန် ပြောသလိုဆိုရင် `စင်ကျန်းဒေသဟာ တရုတ်အောက် ရောက်သွား ကတည်းက လွတ်လပ်ရေးအတွက် ပုန်ကန်မှုတွေနဲ့ တောက်လျှောက် ကသောင်းကနင်း ဖြစ်လာလိုက်တာ ၁၉၄၀ ပြည့်လွန် နှစ်များ အထိပါပဲ´တဲ့။

 ၁၉၄၉ ခုနှစ်မှာတော့ မော်စီတုန်း ကွန်မြူနစ်တွေ စင်ကျန်း ထဲကို ချီတက်လာတယ်။ အတုန်းအရုံး သတ်ဖြတ်ပြီး တရုတ်ပြည်ရဲ့ အစိပ်အပိုင်းတစ်ခုအဖြစ် စင်ကျန်းကို အသေချာ လုပ်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ ၁၉၉၀နဲ့ ၁၉၉၁မှာ အဲဒီ့ ဒေသ တာကစ်-ဥရဂါ မျိုးနွယ်စုတွေက ပေကျင်း အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။ တာကစ်-ဥရဂါ မျိုးနွယ်စုတွေကလည်း ပေါ့သေးသေးမဟုတ်ဘဲ ခုနှစ်ရာစုနဲ့ ရှစ်ရာစုတွေမှာ မွန်ဂိုလီးယားကို စိုးမိုးခဲ့တဲ့ တခ်မျိုးနွယ်စုတွေက ဆင်းသက်လာသူတွေမို့ မျိုးကြီးရိုးကြီးတွေ ဖြစ်ပါတယ်။

 တရုတ်မှာ ဥရဂါလူမျိုး အရေအတွက်က ၈သန်းခန့် ရှိပြီး တရုတ်လူဦးရေရဲ့ ၁ ရာခိုင်နှုန်း အောက်ပဲ ရှိပါတယ်။ သို့သော် စင်ကျင်းဒေသမှာတော့ ၄၅ရာခိုင်နှုန်း အချိုးအစား ရှိပါတယ်။ တရုတ်မှာ ဟန်လူမျိုးက အများစု ဖြစ်ပြီး၊ သူတို့က တိုင်းပြည်ရဲ့ ဗဟို မြေနိမ့်ပိုင်းတွေမှာ နေကြပါတယ်။ တိုင်းပြည်ရဲ့ အနောက်ဘက်နဲ့ အနောက် တောင်ဘက်ရှိ ခြောက်သွေ့တဲ့ ကုန်းပြင်မြင့်တွေဟာ ဥရဂါလူမျိုးတွေနဲ့ တိဘက် လူမျိုးစုတွေရဲ့ သမိုင်းဝင် အိမ်ယာ ဖြစ်ပါတယ်။

 အခု ပေကျင်း အစိုးရရဲ့ ခေတ်သစ် တရုတ်နိုင်ငံတော် မျက်စိအမြင်မှာတော့ စင်ကျင်းဒေသကို သူတို့ ထိန်းချူပ်ထားရမယ့် ပိုင်နက်လို့ ယူဆထားပါတယ်။ ဒါကကိုပဲ တင်းမာမှုတွေ အမြဲရှိနေတတ်တာ ဖြစ်ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကော့ပါးနဲ့ သတ္တုတွင်းတွေရှိတဲ့ မြေကြီးကို သိမ်းပိုက်ဖို့၊ ပေကျင်းအစိုးရက ဟန်တရုတ်တွေကို တိုင်းပြည် ဗဟိုအချက်ချာကနေ အဲဒီ့ ဒေသတွေဆီ ဆယ်စုနှစ်များချီပြီး အတင်း ရွှေ့ပြောင်းခိုင်း နေထိုင်ခိုင်းပါတယ်။ ဒီတော့ စင်ကျင်းက ဥရဂါတွေအတွက် အန္တရာယ်ဆိုးတွေ တစ်နေ့တခြား ရောက်ရှိ လာပါတယ်။

ပေကျင်း အစိုးရဟာ ဗဟိုအာရှ အစိုးရများကိုလည်း မြှူစွယ်ဖျားယောင်းပြီး သူ့ဩဇာနယ်ပယ် ချဲ့ကားဖို့ ကြိုးစား နေပါတယ်။ တရုတ်လက်တံက ယူရေးရှား အထိ ချဲ့ကားဆန့်တန်း ပြီးပေမဲ့၊ သူ့သဘာဝရင်းမြစ် တောင့်တမှု လိုအင်က မလုံလောက်သေးပါဘူး။ ဗဟိုအာရှကို စိုးမိုးချယ်လှယ်ဖို့ စင်ကျန်းဒေသကို ဖြတ်ပြီး ရေနံ  ပိုက်လိုင်းကြီး နှစ်ခု သွယ်တန်း တည်ဆောက်ထားပါတယ်။ တစ်ခုက ကာဇက်စတန် ကိုဖြတ်ပြီး ကက်စပီယံ ပင်လယ်မှ ရေနံ သယ်ဖို့။ နောက်တခုက ဥဇဘက်ကစ်စတန်နဲ့ ကာဇက်စတန်တို့ကို ဖြတ်ပြီး တက်မင်နစ္စတန်မှ သဘာဝဓါတ်ငွေ့ သယ်ထုတ်ဖို့။

 သဘာဝ ရင်းမြစ်တွေ ဆာလောင်နေတဲ့ တရုတ်ဟာ အဲဒီ့ဒေသတွေကို အမြဲ ဆုပ်ကိုင်ထားဖို့ စွန့်စားလုပ်ဆောင် မှာ ဖြစ်ပါတယ်။ စစ်ဒဏ်ရာဒဏ်ချက်နဲ့ စုတ်ပြတ်နေတဲ့ အာဖဂန်နစ္စတန် ကာဘူးမြို့တောင်ဘက်ရှိ ကော့ပါးတွေကိုတောင် မိုင်းခွဲ ထုတ်နေပါပြီ။ ကမ္ဘာ့ နောက်ဆုံး ရတနာသိုက်ဖြစ်တဲ့ အာဖဂန်နစ္စတန်ရဲ့ သံ၊ ရွှေ၊ ယူရေနီယံ၊ အဖိုးတန် ကျောက်မျက်တွေကို မျက်စောင်းတခဲခဲ ဖြစ်နေပါပြီ။

တရုတ် အစိုးရဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် ကိုဖြတ်ပြီး လမ်းတွေဆောက်၊ ပိုက်လိုင်းတွေ သွယ်တန်း၊ ဗဟိုအာရှကို လွှမ်းမိုးဖို့ အိန္ဒိယပင်လယ် ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ထားပါတယ်။ တကယ်လို့ အမေရိကန်က အာဖဂန်နစ္စတန်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်ပြီဆိုလျှင် တရုတ်ရဲ့ ပထ၀ီ မဟာဗျူဟာက ပိုအောင်မြင်လာဖို့ ရှိနေပါတယ်။

 စင်ကျန်းလိုပဲ တိဘက် ဒေသကိုလည်း တရုတ်က သူ့ကိုယ်ပိုင် နယ်နမိတ်လို့ ယူဆထားတာပါ။ တောင်တွေ ထူထပ်တဲ့ တိဘက် ကုန်းပြင်မြင့်များမှာ ကော့ပါးနဲ့ သံသိုက်ကြီး ရှိနေတယ်။ ဒါကြောင့်လည်း တိဘက်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုကို အထိတ်တလန့် ရှုမြင်တတ်ပါတယ်။ တိဘက် လုံးဝလွတ်လပ်ရေး ဆိုတာတော့ လေသံတောင် မကြားချင်ပါဘူး။

အဲဒီ့ ဒေသကြီးကိုဖြတ်ပြီး လမ်းတွေ မီးရထားလမ်းတွေ အသည်းအသန် တည်ဆောက်နေပါတယ်။ တကယ်လည်း တိဘက်မပါရင်၊ တရုတ်ဟာ ခန္ဓာကိုယ် အောက်ပိုင်း  မပါသလို ဖြစ်သွားပါမယ်။ တရုတ် လက်လွှတ်လိုက်ရင် တဘက်က အိန္ဒိယကလည်း သူ့ရဲ့ မြောက်ပိုင်းဇုံထဲ တိဘက်ကို ဆွဲထည့်သွားဖို့ အသင့်ပါပဲ။

 လူဦးရေ သန်းတစ်ထောင့်နှစ်ရာ ရှိလာပြီဖြစ်တဲ့ အိန္ဒိယက တရုတ်ရဲ့ အာရှဇုံ လွှမ်းမိုးချယ်လှယ်ရေးအပေါ် ပထ၀ီ အရ စိန်ခေါ်မယ့်သူ ဖြစ်ပါတယ်။ ပထ၀ီ ရေစက်အရ တရုတ်နဲ့ အိန္ဒိယဟာ ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ လူဦးရေများပြားလွန်းကြတဲ့ အိမ်နီးချင်းတွေ၊ ကြွယ်ဝတဲ့ ယဉ်ကျေးမှုကြီးတွေ၊ နယ်မြေအပေါ် ပြိုင်ဆိုင်လိုမှုတွေ ရှိနေပါတယ်။ တိဘက် ကိစ္စက အဲဒီ့ ယဉ်ကျေးမှုသမိုင်း ကြီးမားတဲ့ နိုင်ငံကြီးနှစ်ခုနဲ့လည်း သက်ဆိုင်မှုတွေ ရှိနေပါတယ်။

 ၁၉၅၇ ခုနှစ်ကထဲက ပြည်ပြေးဖြစ်နေတဲ့ ဒလိုင်းလားမား အစိုးရ အဖွဲ့ကို အိန္ဒိယက အမြဲ ကြိုဆို နေရာချပေးထားပါတယ်။ တရုတ်-အိန္ဒိယ နယ်စပ် တင်းမာမှုဟာ ဒလိုင်းလားမား နေရာ ဆက်ခံမယ့် နောက် လားမားအသစ် အပေါ် တရုတ်ရဲ့ စိုးရိမ်မှုတွေနဲ့လည်း ပတ်သက်မှု ရှိပါတယ်။ နောက်ဆက်ခံမယ် လားမား အသစ်ဟာ အိန္ဒိယ မြောက်ဘက်၊ နီပေါ၊ ဘူတန်တို့နဲ့ ထိစပ်နေတဲ့ တိဘက် ယဉ်ကျေးမှု စီးကြောင်းထဲက ထွက်ပေါ်လာဖို့ ရှိပါတယ်။

နောက် တရုတ် အိန္ဒိယ ဂိမ်းပြိုင်ပွဲဟာ တိဘက်ဒေသ လောက်တင်မကဘဲ ဘင်္ဂလားဒေရှ့်၊ သိရိလင်္ကာ တို့အတွက်ပါ အကျိုးစီးပွား ပြိုင်ဖို့တွေ ရှိနေပါတယ်။ စင်ကျင်းနဲ့ တိဘက် ဒေသ နှစ်ခုစလုံး တရုတ်ရဲ့ တရားဝင် နယ်နမိတ်ထဲ ကျရောက် နေရပေမဲ့၊ တရုတ် အစိုးရဟာ အမြဲတမ်း ဒေသခံ လူမျိုးစုများရဲ့ တင်းမာတဲ့ ဆက်ဆံရေးကို ကြုံနေရပါမယ်။ အကြောင်းက တရုတ်ရဲ့ အိနြေ္ဒရေမဲ့ အငမ်းမရ ဩဇာထူထောင်ချင်တဲ့ ပြဿနာ၊ ဟန် လူမျိုးကြီးတွေနဲ့  ဒေသခံ လူမျိုးစုတွေရဲ့ ပြဿနာ တွေက အစိုးရကို အမြဲခုခံ ဆန့်ကျင်မှုတွေ ပေါ်ထွက်နေဦးမှာပဲ ဖြစ်ပါတယ်။

 
 

တောင်ဘက်ရဲ့ အလားအလာ

တရုတ် ဩဇာလွှမ်းမိုးမှုက အရှေ့တောင်ဘက်ဆီလည်း ပျံ့နှံနေပါတယ်။ အရှေ့တောင် အာရှ နိုင်ငံများဟာ ပင်ကိုယ် အားဖြင့် အားပျော့သူများ ဖြစ်ပြီး၊ မဟာ တရုတ်ပြည်ကြီး ပေါ်ထွက်လာမှုကို ခုခံနိုင်စွမ်း အနည်းဆုံးသူများ ဖြစ်ပါတယ်။

ဒါကြောင့်လည်း တရုတ်ရဲ့ စီးပွားရေး နိုင်ငံရေး အရှိန်အ၀ါက ဗီယက်နမ်၊ လာအို၊ ထိုင်း၊ မြန်မာ တို့အပေါ် အမြဲလွှမ်းနေတာပါ။ နောက် မဲခေါင် မြစ်အပေါ် အခြေပြုထားပြီး၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် နိုင်ငံများအားလုံးကို ကုန်းကြောင်း ရေကြောင်း တို့နဲ့ ချိတ်ဆက်ပေးတဲ့ အဓိက မြို့ကလည်း တရုတ်ရဲ့ ယူနန်ပြည်နယ်က ကူမင်း ပဲဖြစ်ပါတယ်။

 အရှေ့တောင်အာရှမှာ အကြီးဆုံး နိုင်ငံတစ်ခုက မြန်မာပါ။ ပါကစ္စတန်ကို အာရှရဲ့ ဘောလ်ကန် ဒေသလို့ ပြောမယ်ဆိုရင်၊ မြန်မာ ကတော့ ၂၀ရာစု အစောပိုင်း ဘယ်လ်ဂျီယံ နိုင်ငံ အခြေအနေမျိုးမို့ အီမ်နီးချင်း နိုင်ငံများရဲ့ စားကျက် ဖြစ်သွားပါမယ်။ တရုတ် အရေးပေါ်လိုအပ်နေသမျှ သဘာဝ ရင်းမြစ်အားလုံးကို ချိနဲ့တဲ့ မြန်မာက ရင်းပေးရဖို့ ရှိပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့က မြန်မာပိုင် အိန္ဒိယပင်လယ်ပေါ်ရှိ စစ်တွေမှာ ရေနက် ဆိပ်ကမ်း အပြိုင်ဆောက်ဖို့ လုပ်နေကြပါတယ်။ ဘင်္ဂလားပင်လယ်ရှိ မြန်မာ့ ကမ်းလွန်တွင်းများကနေ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေ အစွမ်းကုန် ဆွဲထုတ်ယူဖို့ ရည်မှန်း ထားပြီး ဖြစ်ပါတယ်။

 တရုတ်က အရှေ့တောင်အာရှ ဒေသတစ်ခုလုံးအတွက် ခွဲခြားသိမ်းပိုက်ရေး မဟာဗျူဟာ (divde-and-conquer) ကို နေရာတိုင်းမှာ ကျင့်သုံးပါတယ်။ အရင်တုန်းက အာစီယံ နိုင်ငံတွေအားလုံးကို ယူနစ်တခု အနေနဲ့ မဆက်ဆံပဲ တစ်နိုင်ငံချင်းစီ ခွဲခြား ဆက်ဆံခဲ့ပါတယ်။ အခု အာစီယံနဲ့ လွတ်လပ်သော ကုန်သွယ်ရေး ဒေသ သဘောတူချက် ရေးထိုးပြီးတဲ့နောက် နိုင်ငံအားလုံးနဲ့ ဆက်ဆံမှုကနေ အကျိုးအမြတ်ရဖို့ ပိုလုပ်ဆောင် လာပါတယ်။

အာစီယံ ဈေးကွက်ထဲ တရုတ် စက်မှုထုတ်ကုန်တွေ ရောင်းချပြီး၊ တန်ဖိုးနိမ့် စိုက်ပျိုးရေး ထွက်ကုန်တွေကို ပြန်ဝယ်ပါတယ်။ ဒါက တရုတ်ရဲ့ ကုန်သွယ်မှုကို အမြတ်ပိုလျှံငွေ (surplues) ရရှိစေပြီး၊ အာစီယံ နိုင်ငံများအဖို့တော့ တရုတ်လုပ်သားများက ဈေးပေါပေါ ထုတ်တဲ့ မစွံတဲ့ လျှော့ဈေး အမှိုက်ပုံ နေရာကြီးလို ဖြစ်လာပါတယ်။ အဲဒီ့ အခြေအနေကို ထိုင်းနိုင်ငံမှာ သိသိသာသာ တွေ့နိုင်ပါတယ်။

 တစ်ခါက ထိုင်းဟာ ဒေသတွင်း အားကောင်းတဲ့ နိုင်ငံဖြစ်ခဲ့ပေမဲ့၊ အခု ပြည်တွင်းနိုင်ငံရေး ပြဿနာများကြောင့် တရုတ်ကို တန်ပြန်ကျားကန် နိုင်မယ့် အနေအထား နည်းသထက် နည်းလာပါတယ်။ မကျန်းမမာတဲ့ ဘုရင်ကြီး နဲ့အတူ တော်ဝင်မိသားစုရဲ့ ဩဇာ ကျသထက်ကျလာပြီး၊ ထိုင်းစစ်တပ်အတွင်း အုပ်စုဖွဲ့မှုတွေ ရှိလာပါတယ်။

ဒီအချိန်မှာ တရုတ်က နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု ဖွံဖြိုးအောင်လုပ်ထားသလို၊ အာစီယံ နိုင်ငံများ အားလုံးနဲ့ပါ ဆက်ဆံရေး တိုးမြှင့် တည်ဆောက်လာပါတယ်။ အမေရိက အဖို့တော့ အီရတ်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံနဲ့ အကြမ်းဖက်တို့နဲပါ ပျာယာခတ်နေသမို့ တရုတ် ခြေလှမ်းကို ထိထိရောက်ရောက် အာရုံ မစူးစိုက်နိုင်သေးပါဘူး။

 ထိုင်းရဲ့တောင်ဘက် မလေးရှားနဲ့ စင်္ကာပူ နှစ်နိုင်ငံစလုံးကလည်း မဟာသီယာ မိုဟာမက်နဲ့ လီကွမ်ယူတို့ မြင်ကွင်းက ပျောက်သွားပြီးနောက် ဒီမိုကရက်တစ် လမ်းကြောင်းအတွင်း စမ်းသပ်လျှောက်လှမ်း လာပါတယ်။ မလေးရှားမှာ တရုတ် လူနည်းစုက မူဆလင်-မလေး လူများစုရဲ့ ခြိမ်းခြောက်မှု ကြုံကြရပေမဲ့၊ မလေး စီးပွားရေးဟာ တရုတ်တို့ အရိပ်အောက် မှာပဲ ရှိပါတယ်။

 စင်္ကာပူကတော့ တရုတ် လူမျိုး အများစု နေထိုင်ရာ နိုင်ငံလေး ဖြစ်ပေမယ့်၊ အစိုးရက တရုတ်ပြည်မရဲ့ လက်အောက်ခံ ဖြစ်ရမှာ သိပ်ကြောက်ပါတယ်။ ဒါကြောင့်လည်း မကြာခင်က ထိုင်ဝမ်နဲ့ စစ်ရေးပူးတွဲ လေ့ကျင့်မှုတွေတောင် လုပ်ခဲ့ ပါသေးတယ်။ လီကွမ်ယူ ကိုယ်တိုင်ကလည်း အမေရိကန် ပြည်ထောင်စုကို စစ်ရေးရော သံတမန်ရေးပါ ဒေသနဲ့ အမြဲထိစပ် ပေးထားဖို့ ပြောင်ပြောင်တင်းတင်း တိုက်တွန်းခဲ့ ပါတယ်။

 အင်ဒိုနီးရှားကျတော့ တရုတ်ကို ကျားကန်ထားဖို့အတွက် အမေရိကန် ရေတပ်တည်ရှိခွင့် ပေးထားပါတယ်။ ဒီလို အမေရိကန်တွေကို နေရာပေးထားတဲ့အတွက် ကျန်အစ္စလမ် ကမ္ဘာရဲ့ မျက်မုန်းကျိုးမှာလည်း ပူပန်ရတာမို့ နှစ်ဘက်ကြား ညပ်နေပါတယ်။

 မည်သို့ဆိုစေ၊ အရှေ့တောင်အာရှမှာ အမေရိကန် ဩဇာပါဝါ လဆုတ်ရက်တွေ ရောက်လာနေပြီး၊ ပေကျင်း အစိုးရရဲ့ ခွဲခြား-သိမ်းပိုက်ရေး မဟာဗျူဟာက ခေါင်းထောင်လာပါတယ်။ ဒါကို ကျားကန်နိုင်ဖို့အတွက် အာရှဒေသတွင်း နိုင်ငံများဟာ အချင်းအချင်း မဟာမိတ် ပြုလာကြရပါတယ်။

ဥပမာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူတို့ဟာ ခိုးတတ်လွန်းတဲ့ တရုတ်ကို ကာကွယ်ဖို့ မူပိုင်ခွင့် ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်လာကြပါတယ်။ ဒီနိုင်ငံတွေ ပိုမို ပေါင်းစည်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် လာနိုင်တာနဲ့အမျှ၊ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို အနည်းနဲ့အများ ဟန့်တား ထားနိုင်မှာ ဖြစ်ပါတယ်။

 
 

ကိုရီးယားကျွန်းဆွယ်

ဗဟိုအာရှ၊ မွန်ဂိုလီယား၊ ရုရှား အရှေ့ဖျားနဲ့ အရှေ့တောင် အာရှတို့ဟာ တရုတ် ဩဇာလွှမ်းမိုးနိုင်ဖို့ သဘာဝဇုံတွေ ဖြစ်ပါတယ်။ သို့သော် ဒီဇုံတွေရဲ့ နိုင်ငံရေး နယ်နမိတ်တွေက အပြောင်းအလဲ သိပ်မရှိလို့ ထူးထူးခြားခြား ပြဿနာ ဖြစ်မယ့်ပုံ မပေါ်ပါဘူး။ ကိုရီးယား ကျွန်းဆွယ်ကျတော့ တမူခြားနားပါတယ်။ တရုတ် မြေပုံက အဲဒီ့နားမှာ အတိခံထားရပြီး၊ နိုင်ငံရေး နယ်နမိတ် ပြောင်းရွှေ့ သွားနိုင်ပါတယ်။

 အထီးကျန် မြောက်ကိုရီးယား အစိုးရဟာ အခြေခံအားဖြင့် မတည်ငြိမ်တဲ့ သဘောရှိပြီး၊ သူ  ပြိုကွဲ ပျက်ပြားရင် ဒေသကြီး တစ်ခုလုံးကို အကျိုးသက် စေပါလိမ့်မယ်။ မန်ချူးရီးယားကနေ ငေါထွက်နေတဲ့ ကိုရီးယား ကျွန်းဆွယ်ဟာ တရုတ် အရှေ့မြောက်ဘက် ပယ်လယ်ရေကြောင်း သွားလာရေး အားလုံးကို ထိန်းချုပ် ထားနိုင်ပါတယ်။

 တရုတ်က ကိုရီးယား ကျွန်းဆွယ်ရဲ့ အစိတ်အပိုင်းတွေကို သိမ်းပစ်ဖို့ ဆိုတာတော့ ဘယ်သူမှ မမျှော်လင့်ပါဘူး။ နို့ပေမဲ့ မြောက်ဘက်ကိုတော့ အချုပ်အခြာ ပိုင်ဆိုင်ခွင့် အကြောင်းပြရင်း ဆရာကြီး အမြဲလုပ်ထားမှာ ဖြစ်ပါတယ်။ ကင်ဂျုံးအီရဲ့ ကွန်မြူနစ်အစိုးရကို ထောက်ခံပေးထားသလို၊ တဘက်မှာလည်း ကိုရီးယား ကျွန်းဆွယ် တစ်ခုလုံးနဲ့ ပတ်သက်တဲ့ အစီအ စဉ်တွေ တရုတ်မှာ ရှိနေပါတယ်။

 တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဆုံတွေ့ရာ တူမန်မြစ် ဒေသဟာ ဆိပ်ကမ်းကောင်းတွေ ရှိပြီး၊ ပစိဖိတ် သမုဒ္ဒရာပေါ်က ဂျပန် သင်္ဘောတွေ ၀င်ထွက်ဖို့ ရှိပါတယ်။ ဒီဒေသကို စီးပွားရေးအရ ပုံမှန် ကြီးစိုးထားပြီး နိုင်ငံရေး အခြေခံ (base) တည်ထားဖို့ တရုတ်က စီမံနေပါတယ်။ ဒီရည်ရွယ်ချက်အတွက် မြောက်ကိုရီးယား ကနေ ထွက်ပြေးပြီး အခု တရုတ်ပြည်မှာ လာရောက် ခိုလှုံနေသူ ထောင်ပေါင်းများစွာကို အတင်း ပြန်ပို့ရင်း၊ မြောက်ကိုရီး အစိုးရနဲ့ သူ့စီမံကိန်း အတွက် အပေးအယူ လုပ်နေ ပါတယ်။

 တကယ်တော့ ပေကျင်းအစိုးရက မြောက်ကိုရီးယားကို ပိုမိုတိုးတက် ခေတ်မှီတဲ့ အာဏာရှင်နိုင်ငံ ဖြစ်စေချင်ပုံ ရပါတယ်။ မြောက်ကိုရီးယားကို တရုတ်နဲ့ လူလတ်တန်းစား တိုးတက်များပြားလာတဲ့ တောင်ကိုရီးယား အကြားမှာ ကြားခံ အဖြစ်ထားချင်ပါတယ်။ ကိုရီးယား ကျွန်းဆွယ် ပြန်လည် ပေါင်းစည်း သွားရင်တောင်မှ အဆုံးမှာ ပေကျင်းအစိုးပဲ အမြတ် ရဦးမယ်လို့ အပိုင်တွက်ထားပြီး ဖြစ်ပါတယ်။

 ကိုရီယားကျွန်းဆွယ်ဟာ ပြန်လည်ပေါင်းစည်းဦးတော့ အမျိုးသားရေး ၀ါဒပြင်းထန်ပြီး အတိတ်မှာ သူ့ကို သိမ်းပိုက်ဖို့ ကြိုးစားဖူးတဲ့ တရုတ်နဲ့ ဂျပန်တို့ကို ရန်လိုစိတ်တွေ မွေးပါမယ်။ သို့နှင့်တိုင် ကိုရီယားရဲ့ မုန်းတီးမှုက တရုတ်ထက် ဂျပန်ပေါ်မှာ ပိုကြီးပါတယ်။ ဂျပန်က ၁၉၁၀ကနေ ၁၉၄၅ အထိ သိမ်းပိုက်ထားခဲ့ပြီး၊ အခုထိလည်း ကျွန်းနှစ်ကျွန်းနဲ့ ပတ်သက်ပြီး အငြင်းပွား နေရတုန်းပါပဲ။

ကိုရီးယားကျွန်းဆွယ်ဟာ စီးပွားရေး အရ ဆက်ဆံမှုမှာ ဂျပန်ထက် တရုတ်နဲ့ ပိုကြီးမားလာဖို့ပဲ ရှိပါတယ်။ တကယ်လို့ ပေါင်းစည်းဦးတော့ ကိုရီးယားကိုလည်း ဆိုးလ် ဘက်ပဲ အနည်းနဲ့အများ ထိန်းချုပ်ထားနိုင်ဖို့ ရှိပါတယ်။ လက်ရှိမှာတော့ တရုတ်က တောင်ကိုရီးယားရဲ့ ကုန်သွယ်ရေး ပါတနာ ဖြစ်နေပါတယ်။

 အဆုံးစွန်တွက်ရင်  ပေါင်းစည်းရင်ပဲဖြစ်ဖြစ်၊ အမြဲကွဲနေတာပဲဖြစ်ဖြစ် ကိုရီးယားကျွန်းဆွယ်ဟာ ပေကျင်းဘက်ကို တဖြည်း ဖြည်း ယိမ်းလာပြီး၊ ဂျပန်နဲ့ စိမ်းသထက် စိမ်းကားသွားမယ်။ ရေရှည်မှာ အမေရိကန် တပ်တွေကိုလည်း အိမ်ရှင် အဖြစ် လက်ခံမှာ မဟုတ်တော့ဘူး လို့ တရုတ်က တွက်ပါတယ်။ ကိုရီးယားရဲ့ ရေရှည် အနာဂတ်က မဟာတရုတ်ကြီး လက်တွင်းမှာပဲ ရှိပြီး၊ အရှေ့မြောက် အာရှမှာ အမေရိကန်ရဲ့ ဩဇာတည်ရှိမှု လျော့ပါး ကျဆင်းသထက် ကျဆင်းသွားပါလိမ့်မယ်။

 
 

ထိုင်ဝမ် အနာဂတ်

မဟာ တရုတ်ပြည်ကြီး ပေါ်ထွက်ရေးမှာ ထိုင်ဝမ် အနာဂတ်က အရေးပါ နေပါတယ်။ ထိုင်ဝမ် ပြဿနာကို အမြဲတမ်း ကျင့်ဝတ်စံနှုန်းတွေ အပေါ်မှာ တင်ဆွေးနွေးတတ်ကြပါတယ်။ ပေကျင်းဘက်က တရုတ် အမျိုးအနွယ် အားလုံး ကောင်းကျိုး အတွက် ပြန်လည် ပေါင်းစည်းဖို့၊ အမျိုးသား ဘိုးဘွား အမွေကို ကြံခိုင်အောင် လုပ်ကြဖို့ ပြောပါတယ်။ ၀ါရှင်တန် ကတော့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီ မော်ဒယ်လ် အပျိုရည်မပျက်စေဖို့ ထိန်းထားသင့်ကြောင်း ကာကွယ်ပြောပါတယ်။

 သို့သော် တကယ့်ပြဿနာက ပထ၀ီနဲ့ ဆိုင်ပါတယ်။ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်စ် မက်ကာသာ က "ထိုင်ဝမ်ဟာ တရုတ်ပင်လင်မှာ ဘယ်တော့မှ မနစ်မြှုပ်စေရမယ့် လေယဉ်တင် သင်္ဘောပဲ" လို့ တင်စား သတိပေး ပြောဆိုထားပါတယ်။ အမေရိကန်လို ပြင်ပ အင်အားတစ်ခုက တရုတ် ကမ်းရိုးတမ်း တလျှောက် ၀င်ထွက်ဖို့အတွက် ထိုင်ဝမ်ကို အမြဲ ကိုင်ထားဖို့ လိုပါမယ်လို့ ပြောခဲ့ခြင်း ဖြစ်ပါတယ်။

 တကယ်လို့ ထိုင်ဝမ်သာ တရုတ်ပြည်မ ရင်ခွင်ထဲ ပြန်ဝင်သွားရင်၊ တရုတ် ရေတပ်ဟာ မဟာဗျူဟာ အကျဆုံး အနေအထား ရောက်ရှိသွားပြီး မကြုံစဖူးအောင် အင်အားကြီးမား သွားပါလိမ့်မယ်။ နောက်လာမယ့် ကမ္ဘာ့ အစီအစဉ်သစ် (World Order) မှာ ၀င်ရိုးစုံ စစ်ရေး (multipolar military) မပေါ်ထွန်းအောင် အမေရိကန်က သတိထား ဆောင်ရွက်နေပါတယ်။ သူနဲ့ အပြိုင် စစ်တပ်မျိုး ဘယ်ဒေသမှာမှ မရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ ထိုင်ဝမ်သာ ပြည်မနဲ့ ပြန်ပေါင်းထုတ်သွားရင်တော့ အရှေ့အာရှကနေ အမေရိကကို သေချာပေါက် စိန်ခေါ်မယ့် အပြိုင် စစ်ဝင်ရိုး တစ်ခု ပေါ်ထွက်လာတော့မှာ အမှန်ပါပဲ။

 
 

ထိုင်ဝမ် အပေါ် အင်အားလွှမ်းမိုးဖို့ အတွက်၊ တရုတ် ရေတပ်က တောင်တရုတ်ပင်လယ်၊ အိန္ဒိယ သမုဒ္ဒရာရှိ တရုတ် ဂိတ်ပေါက်နဲ့ ကမ္ဘာ့ ဟိုက်ဒရိုကာဗွန် သယ်ယူပို့ဆောင်ရေး ပင်လယ်လမ်းကြောင်းတွေကို အကွက်ချ စီမံ နေပါတယ်။ တရုတ် ရေနံတင် သင်္ဘောများ လုံခြုံစွာ ဖြတ်သန်းသွားလာဖို့အတွက် ပင်လယ်ဓားပြရန်နဲ့ အစွန်းရောက် အစ္စလမ်ရန်တို့ကို ကာကွယ်နေပြီး၊ အိန္ဒိ ရေတပ် အားကြီးမလာအောင် စီမံလုပ်ဆောင် နေပါတယ်။

 မဟာဗျူဟာ အရေးပါမှုအရ ကြည့်ရင် တောင်တရုတ်ပင်လယ်ဟာ `ဒုတိယ ပါရှင် ပင်လယ်ကွေ့´ လို့ တင်စားကြပါတယ်။ ပထ၀ီ နိုင်ငံရေး ပညာရှင်များ အလိုအရ ဂရိတွေက အေဂျီယန် ပင်လယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ရောမက မြေထဲပင်လယ်ကို ထိန်းချုပ်ခဲ့တယ်။ အမေရိကန်က ကာရစ်ဘီယန် ကို စိုးမိုးတယ်။ အခု တရုတ်က တောင်တရုတ်ပင်လယ်ကို ထိန်းချူပ်ပါတော့မယ်။

 ပထ၀ီနိုင်ငံရေး ဆရာကြီးများ အဖို့တော့ ကာရစ်ဘီယန်ကို အမေရိကန် ပြည်ထောင်စုရဲ့ မြေထဲပင်လယ်လို့ ၀ိဂြိုလ်ပြုရင်၊ လာမယ့် ဆယ်စုနှစ်များမှာ တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ အာရှ မြေထဲပင်လယ် ဖြစ်တော့မှာ မလွဲအောင်ပါပဲ။

 
 

မဟာ တရုတ်ပြည်သစ်

မဟာ တရုတ်ပြည်ဟာ ဗဟိုအာရှ၊ အိန္ဒိယ ပင်လယ်၊ အရှေ့တောင်အာရှနဲ့ အနောက်ဖက် ပိစိဖိတ်တို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့အတူ ထူးခြားစွာ ပေါ်ထွက်လာမယ့်ပုံပါ။ တဆက်ထဲ အမေရိကန် စစ်သင်္ဘော အခြေစိုက် စခန်းများကို ကျော်လွန်ပြီး၊ ဂျပန်၊ အိန္ဒိယ၊ အခြား ဒီမိုကရေစီ နိုင်ငံများနဲ့ ပိစိဖိတ် ရေတပ် ပူးတွဲ ဆောင်ရွက်မှုတွေ လုပ်လာပါလိမ့်မယ်။ တရုတ်က အပြာရောင် ပင်လယ်ပြင် ပိုင်စိုးမှုမှာ နယ်မြေ ကန့်သတ် ထိန်းချူပ်မှုထက် သက်ဆိုင်ရာ နိုင်ငံများရဲ့ ရေတပ်တွေနဲ့ မဟာမိတ် ဖွဲ့တည်မှုကို ပိုအာရုံကျ ပုံရပါတယ်။

 သို့နှင့်တိုင် စစ်ရေးအရ အမေရိကနဲ့ တရုတ် ဆက်ဆံရေးဟာ အရင် အမေရိကနဲ့ ဆိုဗီယက် ဆက်ဆံရေးထက် ပိုတည်ငြိမ်မှု ရှိပါလိမ့်မယ်။ ဒါကလည်း ထူးခြားတဲ့ အရှေ့အာရှ ပထ၀ီ အနေအထားကြောင့် ဖြစ်ပါတယ်။ စစ်အေးခေတ်မှာ ဆိုဗီယက်ကို ထိန်းချူပ်ဖို့ အမေရိကန် အနေနဲ့ ပင်လယ် ရေကြောင်း အင်အား တစ်ခုထဲနဲ့ မလုံလောက်ဘူး။ ဥရောပ ကုန်းမြေကို အသုံးပြုရပါတယ်။

အခု တရုတ်ကို ထိန်းချူပ်ဖို့ အတွက်ကျတော့ တရုတ် ပတ်ပတ်လည်မှာ အမေရိကန် အခြေချ နိုင်မယ့်မြေ သိပ်မရှိလှတာမို့၊ အမေရိကန် ရေတပ်ဟာ တရုတ် ရေတပ်ထက် ဆက်ပြီးကြီးမား ကြံခိုင်နေအောင် လုပ်ထားရမှာပဲ ဖြစ်ပါတယ်။

 
 

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်စီးပွားရေး စစ်ရေး အင်အား တိုးမြင့်လာမှုက ရှေ့လာမယ့် နှစ်တွေမှာ အမေရိကန် တရုတ် တင်းမာမှု အရှိန်မြင့်နေမှာပါပဲ။  နိုင်ငံရေးသိပ္ပံပညာရှင် ဂျွန် မီယာရှီးမားရဲ့ အမြင်အရ ဆိုရင် အနောက် ကမ္ဘာခြမ်းကို ကြီးစိုးခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အရှေ့ ကမ္ဘာခြမ်း အများစုကို လွှမ်းမိုး ကြီးစိုးတော့မယ့် မဟာတရုတ်ကို ဟန့်တားဖို့ ကြိုးစား ပါလိမ့်မယ်။ အဲဒါကိုက ယနေ့ခေတ်ရဲ့ အထူးခြားဆုံး အကြီးကျယ်ဆုံး ဒရမ်မာ တစ်ပုဒ် ဖြစ်နေပါလိမ့်မယ်။

 ရဲနွယ်မိုး

ရည်ညွန်း။ Monsoon: The Indian Ocean and the Future of American Power  by Robert D.Kaplan မှ    ထုတ်နှုတ် တင်ပြသည်။

(အလင်းရနံ ဂျာနယ် အမှတ် ၅ တွင် ဖော်ပြပြီး ဖြစ်ပါသည်။)

 
 

 
 

 
 

 
 

News

Myanmar launches int'l channel, targeting global audiences

YANGON, Mar 31, 2010 (Xinhua via COMTEX) -- Myanmar International TV (MITV), which is also MRTV-3 channel, started airing its regular program on Wednesday, targeting international audiences.

The MITV beams documentaries and current affairs on Myanmar in English language 24 hours daily through some satellites -- Thaicom- 5 (Asia), Hot Bird-8 (Europe), Galaxy-19 (North America), Apstar-V (Asia Beam) and Optus D2 (NANAZ Beam), said the State Myanmar Radio and Television (MRTV), which is a parent organization of the MITV.

Its round-the-clock programs also include local and international news in English and entertainment and popular Myanmar films and videos subtitled in English.

MITV beams reach North America, Europe, Australian, New Zealand, China, India and Indochina regions and arrangements have been made for its round-the-clock programs to cover the whole world.

The parent MRTV will also air the channel for domestic audiences from 9 a.m. to 11 a.m. daily, the sources said.

MRTV-3 started trial run of MITV beginning Feb. 11 as a new channel transmitting daily 24-hour programs.

The MRTV, established 60 years ago, began with four channels including Myanmar and English languages to telecast news, education and entertainment programs since color television was introduced in the country in 1980.

Meanwhile, the military-run Myawaddy TV, which is next to MRTV, started telecasting in March 1995 and has morning and evening services at present.

In cooperation with China Central Television (CCTV), Cable Networks News (CNN) and the Japan Broadcasting Corporation (NHK), there are satellite news available with the MRTV.

မနောကံသည်ကာယကံထက်အပြစ်ကြီး၏

မြတ်စွာဘုရားရှင် နာဠန္ဒမြို့တွင် သီတင်းသုံးတော်မူစဉ်ကလည်း ထိုကဲ့သို့ အယူဝါဒ လွဲချော်ကြသူများနှင့် တရားစကား ဆွေးနွေးပြောဆိုခဲ့ရသည်များ ရှိ၏။ ထိုစဉ်က မြတ်ဗုဒ္ဓသည် ဒီဃတပဿီ အမည်ရှိသည့် နိကဏ္ဌ တိတ္တိဆရာကြီး၏ တပည့်နှင့် ဆုံတွေ့ကာ အယူဝါဒရေးရာများ ပြောဆိုဆွေးနွေးဖြစ်ခဲ့၏။ ဒီဃတပဿီနှင့် တွေ့စဉ် မြတ်ဗုဒ္ဓက သူ့အား "တပဿီ… သင်တို့ဆရာ နိကဏ္ဌသည် မကောင်းမှုပြုခြင်း၊ မကောင်းမှု ဖြစ်ခြင်းများသည် အဘယ်မျှသော ကံများကြောင့် ဖြစ်ကြောင်း ပညတ်သတ်မှတ်ပေးသနည်း.." ဟု မေးတော်မူလိုက်၏။ ဒီဃတပဿီက "အရှင်ဂေါတမ… နိကဏ္ဌသည် ကံကံဟု ပညတ်သတ်မှတ်မှု မရှိ၊ ဒဏ်ဒဏ်ဟုသာ ပညတ်သတ်မှတ်လေ့ရှိကြောင်း" ပြန်လည်လျှောက်ထား၏။ ထိုအခါ မြတ်ဗုဒ္ဓက "ဒီဃတပဿီ သို့ဆိုလျှင် သင်တို့ဆရာ ပြောသည့်အတိုင်း ဒဏ်ဟုဆိုလျှင် မကောင်းမှုပြုခြင်း၊ မကောင်းမှုဖြစ်ခြင်း၌ အဘယ်မျှလောက်သော ဒဏ်တို့ကို ပညတ်သတ်မှတ်သနည်း.."ဟု ထပ်မံ မေးတော်မူသဖြင့် ဒီဃတပဿီက "အရှင်ဂေါတမ… ကာယဒဏ်၊ ၀စီဒဏ်၊ မနောဒဏ်ဟူသည့် ဒဏ်သုံးပါးကို သတ်မှတ်ပေးပါကြောင်း" လျှောက်ထားလေ၏။

ဆက်လက်၍ မြတ်ဗုဒ္ဓက တပဿီအား ထိုဒဏ်သုံးပါးသည် တူသလော၊ ကွဲပြားသလောဟု မေးမြန်းပြန်သည့်အခါ မတူကွဲပြားကြောင်း ပြန်လျှောက်သဖြင့် ထိုသို့မတူလျှင် ထိုဒဏ်သုံးပါးတွင် မည်သည့်ဒဏ်က အပြစ်အကြီးဆုံး ဖြစ်သနည်းဟု ထပ်မံမေးမြန်းရာတွင် ဒီဃတပဿီက နိကဏ္ဌအနေဖြင့် ကာယဒဏ်သည်သာ အပြစ်အကြီးဆုံး ဖြစ်ကြောင်း ပြန်လည်ဖြေကြား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် တပဿီဖြေကြားသည့် ကာယဒဏ်သည်သာ အပြစ်အကြီးဆုံး ဖြစ်ကြောင်းဟူသော အဖြေစကားကိုပင် သုံးကြိမ်သုံးခါ မေးမြန်းပြီး တစ်စုံတစ်ရာ ပြောဆိုခြင်းမပြုဘဲ နေတော်မူလေ၏။

ထိုအခါ ဒီဃတပဿီကလည်း မြတ်စွာဘုရားရှင်အား "အရှင်ဂေါတမ… အရှင်ဂေါတမသည် မကောင်းမှုပြုခြင်း၊ မကောင်းမှုဖြစ်ခြင်း၌ အဘယ်မျှလောက်သော ဒဏ်တို့ကို ပညတ်သတ်မှတ်ပါသနည်း"ဟု တန်ပြန်မေးခွန်း ထုတ်လေ၏။ မြတ်ဗုဒ္ဓက "ဒီဃတပဿီ… ငါသည် ထိုသဘောတရားများတွင် ဒဏ်ဟု မသတ်မှတ်၊ ကံဟုသာ သတ်မှတ်ကြောင်း" ဖြေကြားရာတွင် တပဿီက သို့ဆိုလျှင် အဘယ်မျှသော ကံတို့ကို ပညတ်တော်မူသနည်းဟု မေးမြန်းသဖြင့် ကာယကံ၊ ၀စီကံ၊ မနောကံဟူသည့် ကံသုံးမျိုးကို သတ်မှတ်ကြောင်းနှင့် ထိုသုံးပါးတွင် မနောကံသည်သာ အပြစ်အကြီးဆုံး ဖြစ်ကြောင်း ဖြေကြားတော်မူလိုက်၏။

ဤသို့ဖြင့် ဒီဃတပဿီနှင့် မြတ်ဗုဒ္ဓတို့၏ စကားဝိုင်းသည် ဤမျှလောက်ဖြင့်ပင် အဆုံးသတ်လမ်းခွဲကာ ဒီဃတပဿီသည် သူ၏ဆရာ နိကဏ္ဌထံသို့ သွားခဲ့လေ၏။ နိကဏ္ဌထံသို့ ရောက်ပြီးနောက် မြတ်စွာဘုရားရှင်နှင့် မေးမြန်းဆွေးနွေးခဲ့သည်များကို အကျိုးအကြောင်း ပြောပြသည့်အခါ နိကဏ္ဌသည် တပည့်ကျော်၏ မိမိအယူအဆအတိုင်း ကာယကံကသာ အပြစ်အကြီးဆုံးဖြစ်ကြောင်း မြတ်စွာဘုရားရှင်အား ဖြေကြား လျှောက်ထားမှုအပေါ် သဘောကျကျေနပ်ကာ မြတ်စွာဘုရား မိန့်တော်မူလိုက်သည် မနောကံသည်သာ အပြစ်အကြီးဆုံး ဖြစ်ကြောင်း အဖြေအပေါ်တွင်လည်း စောဒကတက်ရန် အားသန်ခဲ့လေ၏။

ထိုသူတို့၏ စကားဝိုင်းတွင် နိကဏ္ဌတို့အား ကိုးကွယ်သည့် ဥပါလိ အမည်ရှိသည့် သူကြွယ်သည်လည်း အနီးအနားတွင် ရှိနေသဖြင့် ဒီဃတပဿီနှင့် မြတ်စွာဘုရားရှင်တို့ ပြောဆိုခဲ့သည့်အပေါ် စိတ်ဝင်စားကာ သူကိုယ်တိုင် မြတ်စွာဘုရားရှင်ထံသွား၍ မိမိဆရာများ ယူဆသည့်အတိုင်း ကာယဒဏ်သာ အပြစ်အကြီးဆုံးဖြစ်ပြီး မနောကံသည် အပြစ်အကြီးဆုံး မဟုတ်ကြောင်း ဆွေးနွေးပြောဆိုကာ နောက်ဆုံးတွင် နိကဏ္ဌဆရာများ၏ ခွင့်ပြုချက်ဖြင့် ဥပါလိသူကြွယ်သည် ဘုရားထံမှောက် ရောက်ရှိခဲ့လေတော့၏။

ဘုရားထံမှောက် ရောက်လာခဲ့သည့် ဥပါလိသူကြွယ်သည် မြတ်စွာဘုရားရှင်အား နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ဒီဃတပဿီနှင့် ပြောဆိုခဲ့သည့် စကားများနှင့် စပ်လျဉ်းပြီး "အရှင်ဂေါတမ ကြီးကျယ်သော ကာယဒဏ်ကို ထောက်ဆ၍ သေးငယ်သော မနောဒဏ်သည် အဘယ်မှာ ပြောပလောက်မည်နည်း…၊ အမှန်အားဖြင့် ကာယဒဏ်သည်သာ မကောင်းပြုခြင်း၊ မကောင်းမှုဖြစ်ခြင်း၌ ကြီးကျယ်သော အပြစ်ရှိ၏၊ ၀စီဒဏ်နှင့် မနောဒဏ်သည် ထိုကဲ့သို့ မကြီးကျယ်ပါ…"ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က ဥပါလိသူကြွယ်အား ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဥပမာဥပမေယျများ ပြောဆိုရှင်းပြကာ ဆွေးနွေးဟောကြားလေ၏။

မြတ်ဗုဒ္ဓ..
"သူကြွယ်… ဥပမာတစ်ခု ပေးကြစို့၊ သေချာနားထောင် စဉ်းစားလေလော့၊ နိကဏ္ဌတစ်ယောက်ဟာ အနာရောဂါ ပြင်းစွာနှိပ်စက်နေပြီး ရေအေးကိုပယ်ကာ ရေးနွေးကိုသာ သုံးဆောင်သူတစ်ယောက် ဖြစ်သည်ဟု ဆိုကြပါစို့၊ နောက်ဆုံးသူသည် ရေနွေးကို မရသဖြင့် ထိုရေးနွေးကို စွဲလန်းပြီး သေခဲ့သည်ရှိသော် သူသည် အဘယ်အရပ်မှာ ဖြစ်မည်ဟု သင်ထင်သနည်း"
ဥပါလိ…
"အရှင်ဂေါတမ… စိတ်စွဲလန်း၍ ဖြစ်သော နတ်မည်သည် ရှိပါ၏၊ ထိုနတ်မျိုးတို့၌ နိကဏ္ဌသည် ဖြစ်နိုင်ပါ၏"
မြတ်ဗုဒ္ဓ…
"ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်ုး"
ဥပါလိ…
"အရှင်ဘုရား… စိတ်စွဲလန်း၍ သေသောကြောင့် ဖြစ်ပါသည်ဘုရား…"

ထိုအခါ မြတ်ဗုဒ္ဓက ဥပါလိ၏ စကားသည် ရှေ့နောက်မညီဖြစ်နေကြောင်း၊ ရှေ့ကကာယဒဏ်သည်သာ အပြစ်အကြီးဆုံးဟုဆိုပြီး ယခုမူ စိတ်စွဲလန်း၍ဖြစ်ကြောင်း ဆိုနေသဖြင့် ရှေ့နောက်အစပ် လွဲနေကြောင်း မိန့်တော်မူသော်လည်း ဥပါလိကား "အရှင်ဘုရား… ဘာပဲဖြစ်ဖြစ် ကာယဒဏ်သည်သာ အပြစ်အကြီးဆုံးပဲ"ဟုသာ ထပ်ခါထပ်ခါ ဆိုနေပြန်သဖြင့် မြတ်ဗုဒ္ဓက နောက်ထပ်ဥပမာပြ၍ ရှင်းပြရလေ၏။

မြတ်ဗုဒ္ဓ…
"သူကြွယ်… ဥပမာထပ်ဆိုကြစို့…၊ အကယ်၍ နိကဏ္ဌတစ်ယောက်သည် အလုံးစုံသော ရေးအေးကိုပယ်ခြင်း၊ အလုံးစုံသော မကောင်းမှုကို တားမြစ်ခြင်း၌ အားထုတ်ခြင်း၊ မကောင်းမှုကို တားမြစ်ခြင်းဖြင့် ခွါထွက်ခြင်း၊ မကောင်းမှုကို တားမြစ်ခြင်းဖြင့် ပြန်နှံ့ခြင်းဟူသည့် စောင့်စည်းခြင်းလေးမျိုးကို စောင့်စည်းရင်း ရှေ့နောက်စင်္ကြံလျှောက်စဉ် သတ္တ၀ါအချို့အား နင်းမိပြီး သေကြေပျက်စီးခြင်းသို့ ရောက်ခဲ့မည်ဆိုလျှင် သူ့အား မည်သို့သော အကျိုးများ ဖြစ်ထွန်းနိုင်သနည်း…"
ဥပါလိ…
"အရှင်ဘုရား… နိကဏ္ဌသည် စေ့ဆော်ခြင်း စေတနာမပါသဖြင့် ကြီးမားသော အပြစ်မရှိပါ"
မြတ်ဗုဒ္ဓ…
"သူကြွယ် ထိုစေတနာကို နိကဏ္ဌသည် အဘယ်ဒဏ်ဟု ပညတ်သနည်း"
ဥပါလိ…
"အရှင်ဘုရား မနောဒဏ်ဟု သတ်မှတ်ပါ၏"

ထိုအခါ မြတ်ဗုဒ္ဓက ဥပါလိ၏ အဖြေသည် ရှေ့နောက်မညီကြောင်း ကာယဒဏ်သည် အပြစ်အကြီးဆုံးဟု ဆိုသော်လည်း ယခုမူ မနောဒဏ်ဟု ဆိုနေကြောင်း မိန့်ဆိုရှင်းပြသော်လည်း ဥပါလိသည် ကာယဒဏ်ဟုသာ ဆက်လက်၍ ငြင်းဆိုနေပြန်သဖြင့် နောက်ထပ်ဥပမာ ပေးရပြန်လေ၏။

မြတ်ဗုဒ္ဓ…
"သူကြွယ်… ဥပမာတစ်ခု ထပ်ပြုကြစို့…၊ ဤနာလန္ဒမြို့သည် စည်ပင်ဝပြောပြီး တိုးတက်ထွန်းကား လူစည်ကားသည် ဖြစ်သည် မဟုတ်လော..၊ အကယ်၍ ယောက်ျားတစ်ယောက်သည် သန်လျက်ကိုကိုင်ပြီး ဤမြို့တွင် ရှိသည့် သတ္တ၀ါအားလုံးကို ချက်ချင်းသေကြေပျက်ဆီး ပျောက်ဆုံးသွားအောင် လုပ်မယ်ဆိုရင် လုပ်နိုင်ပါသလော…"
ဥပါလိ…
"အရှင်ဘုရား… ယောက်ျားဆယ်ယောက်ဖြစ်စေ၊ နှစ်ဆယ်ဖြစ်စေ၊ သုံးဆယ်ဖြစ်စေ၊ ငါးဆယ်ဖြစ်ပါစေ ဤနာလန္ဒမြို့နှင့် သတ္တ၀ါအားလုံးကို တစ်ခဏချင်း သေကြေပျက်ဆီးပြီး ပြာပုံဖြစ်သွားအောင်ကား ဘယ်လိုမှ မလုပ်နိုင်ပါဘုရား.."
မြတ်ဗုဒ္ဓ…
"သူကြွယ်… စိတ်တန်ခိုးအဘိညဉ် ဈာန်အစုံစုံ ပြည့်စုံသည့် သမဏဗြဟ္မဆိုရင်ကော ဒီမြို့ကို ပြာကျအောင် လုပ်နိုင်သလော…"
ဥပါလိ…
"အရှင်ဘုရား… စိတ်တန်ခိုးနှင့်ပြည့်စုံလျှင်ကား နာလန္ဒ တစ်မြို့တည်းပင်မဟုတ်၊ ဆယ်မြို့၊ နှစ်ဆယ်သုံးဆယ်၊ ငါးဆယ်ဆိုလည်း လုပ်နိုင်ပါ၏.."

ထိုအခါ မြတ်ဗုဒ္ဓက ဥပါလိသူကြွယ်၏ စကားသည် ရှေ့နောက်မညီကြောင်း ပြောဆိုရပြန်၏။ သို့သော် ဥပါလိက ကာယဒဏ်သည်သာ အပြစ်အကြီးဆုံးဟု ဆိုသဖြင့် နောက်ထပ်ဥပမာဖြင့် ရှင်းပြန်ရပြန်၏။ နောက်ဆုံး၌် အမျိုးမျိုး ဥပမာပေးကာ ဟောပြောရှင်းပြသည့် အခါတွင်ကား ဥပါလိက "အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားရှင်၏ ပမထဆုံး ဥပမာနှင့်ပင် ဘုရားစကားတော်ကို နှစ်သက်ပြီး ဖြစ်နေပါပြီ၊ သို့သော် အကျွန်ုပ်သည် မြတ်စွာဘုရားရှင်၏ ဤဆန်းကျယ်သော ပြဿနာ ဖြေကြားတော်မူခြင်းကို ကြားနာလို၍သာ မြတ်စွာဘုရားရှင်ကို ဆန့်ကျင်ဘက်ကဲ့သို့ မထီမဲ့မြင် ပြုတော်မူခဲ့ခြင်း ဖြစ်ပါသည်ဘုရား..၊ အရှင်ဘုရား… အလွန်နှစ်သက်ဖွယ်ရှိပါ၏၊ ၀မ်းမြောက်ပါ၏၊ မှောက်ထားသည့်အိုးကို လှန်လိုက်သကဲ့သို့ ဖြစ်ပါ၏" စသည်ဖြင့် ဖြေကြားလျှောက်ထားကာ ဥပါသကာအဖြစ် ခံယူသွားခဲ့လေတော့၏။

(မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဥပါလိသုတ်)

ဝေမတ္တတရား (၈)ပါး



ဘုရားရှင် တဆူနှင့် တဆူ မတူ ထူးခြားကွဲပြားသော ခြားနားချက် (၈)မျိုး
၁-သက်တမ်းခြားနားချက်(အာယုဝေမတ္တ)။။ အချို့ အသက်တစ်သိန်းတမ်း ၊ အချို့အသက်တစ်ရာတမ်း
၂-အရပ်တော်ခြားနားချက်(ပမာဏဝေမတ္တ)။။ အချို့အရပ်တော်အတောင်(၈၀) ၊ အချို့ အရပ်တော်(၁၈)တောင်
၃-အမျိုးအနွယ် ခြားနားချက် (ကုလဝေမတ္တ)။။မင်းမျိုးအထွတ်အမြတ်ထားသောခေတ်မှာ ပွင့်သောဘုရားက မင်းမျိုးဖြစ်ပြီး ၊ ပုဏ္ဏားမျိုး(ပညာတတ်မျိုး) အထွတ်အမြတ်ထားသေားခေတ်မှာ ပွင့်သောဘုရားက ပုဏ္ဏားမျိုး(ပညာတတ်မျိုး) ဖြစ်တယ် ဒီနှစ်မျိုးမှာပဲ ဖြစ်ရိုးထုံးစံရှိပါတယ် ။
၎-ဒုက္ကရစရိယာခြားနားချက်(ပဓာနဝေမတ္တ)။။အချို့က (၁၀)လ အချို့က ၇ ရက် အနည်းဆုံးတော့ (၇)ရက်ကျင့်ရပါတယ်  မြတ်ဘုရား ၆ နှစ်ကျင့်ရတာကတော့ ဝစီကံဝဋ်ကြွေးကြောင့်ပါ ။
၅-ရောင်ခြည်တော်ခြားနားချက် (ရသ္မိဝေမတ္တ) ။။ အချို့က စကြာဝဠာတိုက်တသောင်းထိ ရောင်ခြည်တော်ပျံနှံပြီး အချို့ကတော့ ကိုယ်တော်တလံ(လေးတောင်ခန့်) ပဲ ရောင်ခြည်တော်ပျံနှံ့ပါတယ် ။
၆-တောထွက်ယာဉ်ခြားနားချက် (ယာနဝေမတ္တ)။။ဆင်ယာဉ် ၊ မြင်းယာဉ် ၊ ပြဿဒ်ယာဉ် ၊ ရွှေထမ်းစင်ယာဉ် ၊ခြေလျင်။
၇-ဗောဓိပင်ခြားနားချက် (ဗောဓိဝေမတ္တ)။။ ကံကော် ၊ ပိတောက် ၊ အင်ကြင်း ၊ ကုက္ကို ၊ညောင် ။
၈-ပလ္လင်တော်ခြားနားချက်( ပလ္လင်္ကဝေမတ္တ)။။ အတောင်(၆၀)၊ (၁၄) တောင် စသည်။

Friday, July 8, 2011

ခက်ခဲသောအရာများ

'ပဏ္ဏက'ဇာတ်ဝတ္ထုလေးပါ ။

တစ်ခါတုန်းက မဒ္ဒ၀မင်းကြီးရဲ့ မိဖုရားနဲ့ ပုရောဟိတ်ကြီးရဲ့ သားငယ်တို့ နန်းတော်ထဲမှာ မျက်လုံးချင်းဆုံမိကြပါတယ် ။ မျက်လုံးချင်းဆုံမိတဲ့ အဲ့ဒီအခိုက်အတန့်လေးမှာပဲ …နှစ်ဦးသားဟာ ရှေးအဆက်ဆက်က သံယောဇဉ်တွေ ကူးလူးယှက်တင်လို့ ငြိတွယ်သွားကြလေသတဲ့ ။

ပုရောဟိတ်သားဟာ အိမ်ပြန်ရောက်တော့ တမှိုင်မှိုင် တတွေတွေ နဲ့ အိပ်ရာထဲပဲလှဲနေလေတော့တယ် မစားမသောက် ချစ်ခြင်းအပူမီးက နှိပ်စက်လေတော့တယ် ပုရောဟိတ်ကြီးလည်း အကြောင်းစုံသိလေတော့ မိုးထားတဲ့ သန်လျက်ကို မကြောက်မရွံ့ သားဇောနဲ့ဘုရင်ကို အကြောင်းစုံလျှောက်တင်လေတယ် ။ မင်းကောင်းမင်းမြတ် တပါးဖြစ်တဲ့ မဒ္ဒ၀ ဘုရင်ကြီးက ကဲ.. ၇ ရက်ယူစေ ၇ ရက်ပြည့်ရင် ပြန်ပေးပါ ဆိုပြီး သူနှစ်သက်သော မိဖုရားအား ပေးအပ်လိုက်တယ် ။။ သို့ပေသိ ပုရောဟိတ်သားနဲ့ မိဖုရားတို့ဟာ ၇ ရက်လည်းစေ့ရော ထွက်ပြေးကြပါလေရော ပုရောဟိတ် ကြီးကတော့ ထားရင်လည်းနေမယ် သတ်ရင်လည်းသေမယ်ပေါ့ လျှောက်တင်တယ် ဘုရင်ကြီးကတော့ မိဖုရားစိတ်နဲ့ မစားနိုင်မသောက်နိုင် တိုင်းပြည်အရေးတွေ လစ်ဟင်းလာတော့တယ် ဒီအချိန်မှာ ဘုရားအလောင်းတော် သေနကအမတ် ၊ ရှင်သာရိပုတ္တရာ အလောင်းတော် ပက္ကုသအမတ် ၊ ရှင်မဟာမောဂ္ဂလာန် အလောင်းတော် အာယုရအမတ်တို့ဟာ ဘုရင်ကြီးရဲ့ ချစ်သောကမီးအတွက် ဆေးတဖုံပြင်ရတော့တယ် ။

တစ်နေ့တော့နန်းရင်ပြင်မှာ သံလျက်မျိုတဲ့ မျက်လှည့်ပြပွဲတခု စီစဉ်လိုက်ပါတယ် ။ ဘုရင်ကြီးက သံလျက်မျိုတာကို ကြည့်ပြီးနောက် အာယုရ အမတ်ကို စတင်မေးပါတယ် "လောကမှာ သံလျက်မျိုတာထက် ခက်တာရှိသလား" .. "ရှိပါတယ် ဘုရား ၊ မိမိမြတ်နိုးချစ်ခင်တဲ့အရာကို ပေးမယ် ကြံစည်တာဟာ သံလျက်မျိုတာထက် ခက်ပါတယ်ဘုရားးး " ဒီတော့ဘုရင်ကြီးမှာ အတွေးတခုဝင်လာပါတယ် "ငါက ငါချစ်ခင်မြတ်နိုးတဲ့ မိဖုရားကို ပေးမယ်လို့ကြံခဲ့တာပဲ ။ ငါဟာ ခက်ခဲတဲ့အရာကို လုပ်ခဲ့ပါလား " လို့တွေးပြီးအနည်းငယ် စိတ်သက်သာရာ ရသွားပါတယ် ။

နောက် ပက္ကုသ အမတ်ကို မေးပြန်တယ် ။ "ပက္ကုသ… ဒီထက် ခက်ခဲတာ ရှိသေးသလား "

"ရှိပါတယ်ဘုရား .ကြံစည်ရုံမကပဲ ပေးမယ်လို့ နုတ်က ပြောလိုက်တာပါဘုရား " ဒီတော့ဘုရင်ကြီးက "အင်း ..ငါက မိဖုရားကိုပေးမယ်လို့ပြောခဲ့ပါလား ၊ ငါကခက်ခဲတဲ့ အလုပ်ကို လုပ်ခဲ့ပါလား ဆိုပြီး စိတ်သောက နည်းနည်းလျော့သွားပြန်ပါတယ် ။" နောက်ပက္ကုသ အမတ်ဘက်လှည့်ပြီးထပ်မေးလိုက်ပြန်ပါတယ် ။ "ပက္ကုသ ဒီထက် ခက်ခဲတာ ရှိသေးသလား " .." ရှိပါသေးတယ်ဘုရား ပေးမယ်လို့ပြောပြီး အမှန်တကယ် ပေးလိုက်နိုင်တာက ပိုခက်ခဲပါတယ်ဘုရား ။" ဘုရင်ကြီးကလည်း "အင်းး ငါကမိဖုရားကို ပေးမယ်လို့ပြောပြီး အမှန်တကယ် ပေးလိုက်နိုင်တာပါလား " ဆိုပြီး သောကတွေ လျော့သွားပြန်ပါတယ် ။ နောက်ဆုံး ဘုရားအလောင်း သေနကအမတ် ဘက်သို့လှည့်ပြီး "ဒိထက်ခက်ခဲတာရှိသေးသလား " လို့မေးပြန်တယ် ။

သေနက အမတ်ကလည်း "အရှင်မင်းကြီး … လူတွေဟာပေးမိတာကို ပြန်တွေးပြီး နာင်တဖြစ်တတ်ကြပါတယ် ။ အဲ့ဒီ နောင်တကို မဖြစ်အောင် မိမိရဲ့ စိတ်ကို ထိန်းချုပ် စောင့်စည်းနိုင်တာက ပိုခက်ခဲလှပါတယ် ဘုရား " လို့ လျှောက်တင်တယ် ။

သေနကအမတ်ရဲ့ စကားအဆုံးမှာတော့ ဘုရင်ကြီးဟာ အသိဥာဏ်တွေ ပြန်ဝင်သွားပါတော့တယ် ။

…………………………………….။။……………………………………………………………………………………….

ငါတို့တွေလည်း ငါတို့ပေးလိုက်တာတွေအတွက်၊ ငါတို့ရလိုက်တာတွေ အတွက်၊ နောင်တတွေ ပူဆွေးမှု့တွေ နှမျောတမ်းတ မှု့တွေ နဲ့ မိမိကိုယ်ကို ချည်နှောင်မထားသင့်ဘူး ။ ပေးလိုက်တာတွေလည်းရှိ ၊ ရလိုက်တာတွေလည်းရှိ ၊ ရမှန်းသိသိနဲ့ မယူခဲ့တာတွေလည်းရှိ ၊ ပေးရမယ်မှန်းသိသိနဲ့ မပေးခဲ့မိတာတွေလည်းရှိ ။ ထားလိုက်ပါလေ ထားလိုက်ပါ ဒီဘ၀ကို ဖြတ်သန်းနေတုန်း အခိုက်အတန့်မှာ

ငါတို့ တတ်နိုင်သမျှ ကြင်နာယုယ မှု့တွေ ငါတို့မှာရှိသမျှ ခွင့်လွတ်နားလည်မှု့တွေ ငါတို့ဆောက်တည်ထားရသမျှ စိတ်ရှည်သည်းခံမှု့တွေ ကို ရနိုင်သလောက် အများကို မျှဝေပါ ။

ပေးပြီးတိုင်း ပြန်လိုချင်တတ်တဲ့ စိတ်ကို လျှော့ချပစ်ပါ သည်းခံမှု့ကို တိုးတက်ပါစေ ချစ်ခြင်းမေတ္တာကို မထိန်ချန်ပါနဲ။ ကြင်နာမှု့ကို ပြသပါ ။

Sunday, July 3, 2011

ရိုးသားမှု့

တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသောလူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်းမေးမြန်းသူက လူငယ်အား...."အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ" ဟုမေးခဲ့သည်။

လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကိုပြောပြသွားခဲ့သည်။

"လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကိုသွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကိုရောက်ပြီး မကြာဘူး သူဟာ ပြင်သစ်က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ၊ လက်မှတ်ပြရတဲ့ နေရာတွေ မရှိကြောင်း သတိပြုမိတယ်။ ကားပေါ် ရထားပေါ်မှာလဲလက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့လာစစ်ခဲ့ရင်လဲ ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်တောင်မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက်ကစားလိုက်ပြီး ကားစီးတိုင်းသူဟာ လက်မှတ် မ၀ယ်ဘဲ စီးခဲ့တယ်။ကိုယ့်ကိုယ်ကိုလဲ ငါဟာ အလုပ်လုပ်ပြီး ကျောင်းတက်နေရတဲ့ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ ချွေတာမယ်လို့ နှစ်သိမ့်ခဲ့မိတယ်။

အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့ကျောင်းသားအဖြင့် သူဟာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာရှိတဲ့ နိုင်ငံခြား ကုမ္ပဏီတွေမှာ သူအလုပ် လျောက်ခဲ့တယ်။ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ပေါ့။ ဒါပေမယ့် လျောက်လိုက်တဲ့ အလုပ်တိုင်း သူ အပယ်ခံခဲ့ရတယ်။

အလုပ် စလျောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာ အားရကြိုဆိုပြီးအင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့ ပယ်ပစ်လိုက်ကြတယ်။ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။ နောက်ဆုံးကုမ္ပဏီ တစ်ခုကို သူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကိုမေးခဲ့တယ်။

ပြန်စာရတော့ စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက်ဒဏ်ငွေသုံးကြိမ် ဆောင်ခဲ့ရကြောင်း ကို ကျွန်တော်တို့ ၀မ်းနည်းစွာသိခဲ့ရတယ်။ ဒီကိစ္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောက်ချက်ချမိတာက.....

  • (၁) ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ
  • (၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ အဲဒီအချက် နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်းဖြစ်ပါတယ်။
အဲဒီ စာကို ဖတ်ပြီးမှ လူငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာသလိုပဲတုန်လှုပ်ချောက်ချား မိခဲ့တယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလိုရေးထားသေးတယ်....

  • အသိဥာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက်ဖြည့်စွက်ပေးတယ်။
  • ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဥာဏ်ကဘယ်တော့မှ လိုက်မဖြည့်စွက်ပေးနိုင်ဘူး။
အဲဒီ အီးမေးလ်ရပြီး နောက်တရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ.... လူငယ်ရဲ့ စကားအဆုံး အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က...."ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်လို့ ပြောနိုင်လား" "ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာကျွန်တော်ဖြစ်နေလို့ပါပဲ။ ကျွန်တော်ဒီနေ့လို အောင်မြင်လာရခြင်းဟာလဲ မနေ့ကအမှားကို ဒီကနေ့အတွက် သင်္ခန်းစာအဖြင့် ခံယူထားလို့ပါပ