Wednesday, June 15, 2011

စ စပါး ဒို့အားထား


(ဝိုင်းကြီးပတ်ပတ်…. ကလို့ခုန်…. စပါးတောင်လိုပုံ) (ဟုတ်ပါပေသဗျို့… မှန်ပါသဗျို့)။ 

စပါး ……… rice

Family ……. Gramminaceae (မြက်မျိုးရင်း)

Botanical name ….. Oryza Stiva

Species …….. ၁။ မြက်  ၂။ ဂျုံ    ၃။ မုယောစပါး   ၄။ နတ်စပါး(စပါးရိုင်း)  ၅။ လင်းနေ

 
 

မြန်မာနိုင်ငံအပါအဝင် အာရှတိုက်ရှိ နိုင်ငံများသည် ဆန်ကို စားသုံးကြ၏။ ထို့ကြောင့် စပါးသည် မရှိမဖြစ် လိုအပ်သော စိုက်ပျိုးသီးနှံ တစ်ခုဖြစ်ပေရာ ယနေ့တိုးတက်နေသော အင်တာနက်ခေတ်တွင် ဆန်စပါးကို စားသုံးမှုအတွက် တစ်ဧက အထွက်နူန်း တိုးတက်ဖို့ အထွက်ကောင်းမျိုးများကို စမ်းသပ်ထုပ်လုပ်ကာ တိုးချဲ့စိုက်ပျိုးလျှက် ရှိပါသည်။

 မြန်မာ့ ဆန်စပါး၏ သမိုင်းနောက်ခံ

စပါးကို မြန်မာနိုင်ငံ၌ ပျူခေတ်မှ စတင်၍ စိုက်ပျိုးခဲ့ကြောင်း သရေခေတ္တရာ ပြည်မြို့ရှိ ဘောဘောကြီး ဘုရားကျောက်ဆောင်၌ အတိအလင်း ရေးသားထားခဲ့လေရာ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနဦးစီးဌာနခွဲ၌ ကျောက်စာဝန် " တောစိန်ခို" ၏ ဘာသာပြန်ဆိုထားမှုများအရ သိရှိခဲ့ရလေသည်။ ပုဂံခေတ်တွင်လည်း ဆန်စပါးစိုက်ပျိုးမှု့ကို ပိုမိုတိုးချဲ့ကြောင်း သမိုင်း အထောက်အထားများက သက်သေခံလျှက် ရှိပါသည်။

 မင်းကြီးအနော်ရထာသည် ကျောက်ဆည်နယ်လယ်ကွင်း ကိုးခရိုင်ကို ဆည်မြောင်းများ တူးဖော်ပြီး ဆန်စပါးကို အဓိက စိုက်ပျိုးစေခဲ့ခြင်း၊ မြစ်သားမြို့နယ် ကူမဲဒေသတွင် အထင်ကရ ဆည်ကြီး ဖြစ်သော ကင်းတားဆည်ကြီးကို တည်ဆောက်တော်မူခဲ့ခြင်း၊ မင်းဘူး ရွှေစက်တော်ဒေသ၌ အိုင်းမဆည်၊ စလင်းဒေသ၌ မုန်းချောင်းကိုပိတ်၍ မဲဇလီဆည်၊ စသော ဆည်ကြီးများအပြင် အခြားဆည် အသေးများကို တည်ဆောက်ပေးခဲ့ခြင်းဖြင့် မင်းကြီး၏ ဆန်စပါး စိုက်ပျိုရေးအပေါ် အလွန်အလေးအနက် ထားခဲ့ကြောင်း သိသာထင်ရှား လှပေ၏။ မြန်မာ့သမိုင်း၌ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်များ မည်မျှပြောင်းလဲ စေခဲ့ကာမူ ဆန်စပါးစိုက်ပျိုးရေးကို ပိုမိုချဲ့တွင် လုပ်ကိုင်ခဲ့ကြခြင်း များကိုတွေ့ရှိခဲ့ရပေ၏။

 စပါးကို 'ကောက်' ဟု အဘယ်ကြောင့် သုံးနှုန်းခဲ့သနည်း။ မြန်မာမှု့ အခေါ်အဝေါ်များ၌ စပါးစိုက်သည်ကို ကောက်စိုက်သည်၊ ကောက်ရိတ်သည်၊ ကောက်လျှင်၊ ကောက်လတ်၊ ကောက်ကြီး စသည့်အသုံးအနှုန်းများ စပါးရိတ်ပြီး စုစည်းထားသော အထုံးကို ကောက်လှိုင်း၊ စသဖြင့် ခေါ်ဝေါ် သုံးစွဲကြ၏။ ကောက်ဆိုသည့် အသုံးအနူန်းကို မည်သည့်ခေတ်တွင် စတင်သုံးခဲ့သလဲ မသိရပါ။

 သို့ရာတွင် အထောက်အထားမရ အင်းဝခေတ်တွင် သုံးစွဲခဲ့ကြောင်း သိရပါသည်။ "ချစ်တဲ့သူငယ်လေ….. သူငယ်ချင်းကောင်း ယောင်းမတို့ရေ… စိမ်းလဲ့ငယ်မှ စင်စင်.. နှမလေးမယ်ညှာ… စိုက်တဲ့ ကောက်ပင်ရင်းမှာ.. ကင်းကိုဘယ်က… စသလဲတော်… ညိုလဲ့ငယ်မှ ရှင်ရှင်… မောင်လေး မင်းလည်ပင်းမှာ…. ညှင်းကို ဘယ်ကပွားသလဲတော်…" ဟူသည့်အချက်များ ရေးသားထားပါသည်။

 ကုန်းဘောင်ခေတ်၌လည်း ဆန်စပါးကို အရှိန်အဟုန်ဖြင့် တိုးချဲ့ စိုက်ပျိုးထားခဲ့ကြောင်း သိရှိရပါသည်။ အလောင်းမင်းတရားကြီးက ရွှေဘိုမြို့တွင် မဟာနန္ဒာကန်ကြီးကို တူးဖော်ခဲ့ပြီး လယ်များကို ရေသွင်း စိုက်ပျိုးခဲ့ပါသည်။ အောင်ပင်လယ်ကန်၊ မိထ္တီလာကန် များကိုပါ တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။ သာယာဝတီမင်းဧ၊် သားတော် ပုဂံမင်းသားနှင့် တောင်သမန်အင်း ပတ်ဝန်းကျင်မှ မိအံကြီး ခေါင်းဆောင်သော ကောက်စိုက်သမများ အပြန်အလှန် ကျီစယ် နောက်ပြောင်ကြရာ၌…

 "ပျိုလေးတို့ ကန်သင်းကြား.. လာနားတဲ့ ဂျိုးသူငယ်.. လေးမှန်လိမ့်မယ်… ဂျိုးသူငယ် ကောက်ဖုတ်ကြား… နားပါတော့လား… ဟောဒီ ကောက်ဖုတ်ကြား… .…ဒို.ကောက်ဖုတ်ကြား"

စသော မြန်မာစာအသုံးနှုန်းများကို လေ့လာခြင်းဖြင့် စပါးကို 'ကောက်' ဟုလည်းကောင်း စပါးစိုက် စပါးရိတ်သည်ကို 'ကောက်ရိတ်သည်' ဟူ၍လည်းကောင်း ရှေးမြန်မာဘုရင်များ လက်ထက်က သုံးစွဲခဲ့ကြောင်း၊ အထောက်အထားများ တွေ့       ရှိခဲ့ရကြောင်း တင်ပြလိုက်ရပါ၏။

 စပါးပင်၏ သဘာဝ


စပါးသည် ပူအိုက်စွတ်စိုသော ရာသီဥတုနှင့် အပင်ခြေ ရေ၀ပ်သော သဘာဝတွင် ဖြစ်ထွန်းသော သီးနှံပင် ဖြစ်ပါသည်။ ရေအမြဲမပြတ် ရရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်သော သီးနှံတစ်မျိုး ဖြစ်ရာ ယနေ့ခေတ်တွင် ဆည်ရေသောက် ဒေသများတွင် တစ်နှစ်သုံးသီး စိုက်ပျိုးလျှက် ရှိပေသည်။

 စပါးကို အသက်အလိုက် ခွဲခြားခြင်း

စပါးကို သက်တမ်းအလိုက် ကောက်လျင်၊ ကောက်လတ်၊ ကောက်ကြီး ဟူ၍ သုံးမျိုး ခွဲထားပါသည်။ အသက် ၁၂၀ ရက် အတွင်းရှိ စပါးမျိုးကို ကောက်လျင်၊ ရက် ၁၂၀မှ ၁၅၀ အထိ စပါးမျိုးကို ကောက်လတ် နှင့် အသက်ရက် ၁၅၀ အထက် စပါးမျိုးကို ကောက်ကြီးဟု   သတ်မှတ်ထားပါသည်။ စပါးကို ခွဲခြားသကဲ့သို့ ဆန်ကိုလည်း စားသုံးသူ အဆင့်အတန်းအလိုက် ၅ မျိုး ခွဲခြားထားသည်။

စပါးကို ခွဲခြားသကဲ့သို့ ဆန်ကိုလည်း စားသုံးမှု အဆင့်တန်းအလိုက် ၅မျိုး ခွဲခြားထားပါသည်။ ပြောရမည်ဆို A၊B၊C၊D၊Eဟူ ၍ ဖြစ်ပါသည်။ အသေးစိတ်ဖော်ပြရပါက

a=ဧည့်မထ

B=လက်ရွေးစဉ်

c=ငစိန်

d=မီးဒုံး

e=ဗျက် ဟူ၍ ဖြစ်ပါသည်။

 စပါး မျိုးကွဲများ

စပါးကိုအဓိကအားဖြင့် ရာသီစပါးနှင့် သက်တမ်းစပါးဟူ၍ ၂မျိုး ခွဲခြားထားပါသည်။ ရာသီစပါး ဆိုရာတွင် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျွဲခြေရာခွက်၊ နွားခြေရာခွက်ပါမကျန် အနှံ့ထွက်သော စပါးမျိုးကိုခေါ်ပြီး၊ သက်တမ်းစပါး ဆိုသည်မှာ သူချိန်ခါနှင့်အညီ သီးပွင့်သော ၎င်းစပါးမျိုး ဖြစ်ပါသည်။ ၎င်းကိုအထွက်ကောင်းမျိုး hyuမျိုးဟု ခေါ်ပါသည်။ ရာသီစပါးမျိုးများမှာ LOCAL variety   ဖြစ်ပြီး၊ သက်တမ်းမျိုးများမှာ အထွက်ကောင်းမျိုး HYU မျိုးများ ဖြစ်ပါသည်။

 ရာသီ (အရပ်စပါးမျိုးများ၌ ရွှေဘိုခွန်နီ၊ ဂေါက်၊ သီးထပ်ယင်၊ သုံးလှဖြူ ၊နှံကား စသည်များ အခြားမြောက်မြားစွာသော မျိုးများ ပါဝင်ပါသည်။ အထွက်ကောင်း မျိုးများမှာ မနောသုခ၊ ရွှေဝါထွန်း၊ ဆင်းသီရိ၊ ဆင်းသင်္ဂီ၊ ဆင်းရွှေသွယ်၊ မနောဟယ်ရီ၊ ငွေတိုး၊ စသည့် မြောက်များစွာသော အထွက်ကောင်း မျိုးများကို ယခုအခါ တောင်သူလယ်သမားကြီးများက စိုက်ပျိုး ထုတ်လုပ်လျှက် ရှိပါသည်။

 အထွက်တိုးရန်
စိုက်ပျိုးနည်းစနစ်များ

၁. အထွက်ကောင်းမျိုးကို သုံးပါ

ဤနေရာ၌ စပါးမျိုးများ အကြောင်းသိထားရန် လိုအပ်ပါသည်။ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီး ဒေသမျိုး (ခေါ်) ပြည်တွင်းမျိုး (local variety) များသာဖြစ်ရာ တစ်ဧက ပျှမ်းမျှတင်း ၃၀ ခန့်သာ ထွက်ရှိခဲ့သည်။ တိုးတက်လာသော လူဦးရေ နှင့်အညီ အထွက်တိုးရန် လိုအပ်လျှက် ရှိသဖြင့် ပညာရှင်များက မျိုးသစ်များ မျိုးစပ်ထုပ်လုပ်ခြင်း၊ ဖိလစ်ပိုင် နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာနမှ မျိုးသစ်များတင်သွင်းခြင်းဖြင့်၊ ၁၉၇၀ ခုခန့်မှစ၍ အထွက်ကောင်း မျိုးများကို တိုးချဲ့စိုက်ပျိုးခဲ့ရာ ယနေ့အချိန်အခါ၌ မြန်မာနိုင်ငံ စပါးစိုက်ဧက ၁၆ သန်းခန့်မှ တစ်ဧက ၇၅ တင်းနူန်းအထိ ပျှမ်းမျှခြင်း ထွက်ရှိကြောင်း ဝန်ကြီးဌာန၏ အစီရင်ခံစာမှ ဂျီဒီပီ စာရင်းဇယားအဖြစ် ဖော်ပြထားသည်ကို တွေ့ရပါသည်။

သို့ဖြစ်၍ သီးနှံများ စိုက်ပျိုးရာ၌ အဓိကအရေးကြီးဆုံးမှာ မျိုးဖြစ်ရာ မြန်မာစကားပုံများ၌ 'မျိုးစေ့မမှန် ပင်မသန်၊ ဖူးတံငုံကင်း အသီးဖျင်း' ဟူ၍ အဆိုအမိန့်များ ရှိရာ မျိုးစေ့များ၌ မျိုးကောင်းမျိုးသန့် အသုံးပြုရေးသည် အဓိကကျကြောင်း တင်ပြလိုပါသည်။

 ၂. ညက်ညက်ထွန်ပါ

စပါးစိုက်မည့် လယ်ကို ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက် ထွန်ရန် လိုအပ်ပါ၏။ လယ်ကို ရေပြည့်အောင်သွင်းရန် သိပ္ပံထယ်ဖြင့် စပ်အောင် ထယ်ထိုးရမည်။ နေပူ ၂ ရက်ခံပြီး သုံးသွားထယ်ဖြင့် နှစ်စပ်၊ လေးသွားထယ်ဖြင့်လေးစပ်၊ စုစုပေါင်း ခြောက်စပ် ထွန်ယက်ပါက ထယ်ရေးညက်သွားမည် ဖြစ်ပါသည်။ ထို့နောက် ကြမ်းတုန်းဖြင့် သမန်းမကြမ်းသေးဘဲ လယ်မှာ အပုတ်ရာမှာ.. အသုတ်ဆိုသကဲ့သို့… ပုတ်သထက် ပုတ်အောင် ၂ ရက် နေပူလှမ်းရပါမည်။ ထို့နောက် ကြမ်းတုံးဖြင့် သမန်းကြမ်း၍ စိုက်မည့် ပျိုးစည်းများ ချပေးခြင်းဖြင့် စိုက်ရန် အသင့်အနေထား ရှိနေပြီ ဖြစ်ပါသည်။

 ၃. စိပ်စိပ်စိုက်ပါ

စံနစ်ဟောင်း စိုက်ပျိုးနည်းစနစ်များမှာ အလွန်ခေတ်နောက်ကျသော စိုက်နည်းစနစ် (ဘောက်စိုက်စနစ်) ဟု ခေါ်ပေရာ တစ်ဧကလျှင် ကောက်ကွက်ပေါင်း(၆၀၀၀၀) ပတ်ဝန်းကျင်သာ ၀င်ဆံ့ရော့ အထွက်ကို ယုတ်လျော့စေခဲ့၏။ မြန်မာနိုင်ငံတွင် ၁၉၇၅ ခုနစ်မှစတင်၍ စိုက်စနစ်များ ပြောင်းလဲခဲ့ရာ ဘောက်စိုက်ပျိုးခြင်းအစား စနစ်တကျ အတန်းလိုက် စိုက်စနစ်ကို စတင် ကျင့်သုံးခဲ့ပါသည်။ တန်းကြားပင်ကြားကို မြေအခြေကိုလိုက်၍ အကွာဝေးကို လိုသလိုသတ်မှတ် စိုက်ပျိုးနိုင်သည်။ ဤနည်းစနစ် များသည် သိပ္ပံနည်းကျ စိုက်နည်းစနစ်များဖြစ်ပြီး တစ်ဧကလျှင် ကောက်ကွက်ပေါင်း တစ်သိန်းကျော် ၀င်ဆံ့သဖြင့် အထွက်နှုန်းကို သိသိသာသာ တိုးတက် ထွက်ရှိပါသည်။ အဆုတ်ရမှ အဆန်ရမည်ဆိုသော ရှေးလူကြီးများ စကားပုံနှင့်လည်း ကိုက်ညီပါသည်။

 
 

၎. ပျိုးသက်ကို ၂၅ ရက်မှ ၃၀ ရက်အတွင်း ပြောင်းရွေ့စိုက်ပါ

စပါးစိုက်ပျိုးသော နိုင်ငံများ၌ စပါးကို ပျိုးထောင်ပြီး စိုက်လေ့ရှိ၏။ စပါးတစ်ဧက စိုက်ပျိုးရန်အတွက် မျိုးစေ့တစ်တင်း၊ မျိုးညံ့ပါက ငါးစိပ်အထိ ပျိုးထောင်ရပါသည်။ ပျိုးခင်းကို စာမစားရန် စာခြောက်ရုပ် ပြုလုပ်ပေးခြင်း၊ ပလပ်စတစ် ကြိုးများ သွယ်တန်း၍ ခြောက်လှန့်ပေးခြင်း ပြုလုပ်ရပါသည်။ ပျိုးခင်းတွင် အဓိက သတိပြုရမည့်အချက်မှာ (ငမြောင်တောင် ခေါ် ရွက်ဖြတ်ပိုးများ၏ ဖျက်ဆီးခြင်း ဖြစ်ပါသည်။

ငမြောင်တောင်ပိုး ကျပါက ပျိုးခင်းပျက်ဆီးတတ်ရာ ပိုးသတ်ဆေးဖြင့် ပျက်ဖြန်းနှိမ်နင်းရမည် ဖြစ်ပါသည်။ ဤနေရာ၌ ပျိုးပင်း ပြင်ဆင်ပုံကို ထည့်သွင်းဖော်ပြရန် လိုအပ်ပါ၏။ စပါးပျိုးခင်းကို စိုက်ပျိုးပြုပြင်သကဲ့သို့ပင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက် ထွန်ယက်ရန် လိုအပ်ပါသည်။ တစ်ဧက နွားချေးလှည်း ၅ စီး၊ တီစူပါ ဓာတ်မြေသြဇာ ၄၀ ကီလို တစ်အိတ်၊ ယူရီယား ဓာတ်မြေသြဇာ တစ်အိတ်၊ mop ခေါ် potash ဓာတ်မြေသြဇာ ၂၅ ကီလိုကို စိုက်ထွန်ရေးတွင် နှံအောင် ကျဲပက်ပြီးမှ ပျိုးထောင်မည့် စပါးကို ပျိုးခင်းတွင် ထူထူကျဲပက်ရပါသည်။

 
 

၅. ဓာတ်မြေသြဇာ အချိုးကျကျ သုံးစွဲပါ

ယနေ့ မြန်မာနိုင်ငံ အပါအဝင် စပါးစိုက်ပျိုးသော နိုင်ငံများ၌ သုံးစွဲသော ဓာတ်မြေသြဇာ အမျိုးအစားများမှာ ၃ မျိုးသာ ရှိ၏။ ၎င်းတို့မှာ နိုက်ထရိုဂျင်ဓာတ်၊ မီးစုန်းဓာတ် နှင့် ash ခေါ် ပြာဓာတ်ပါသော ဓာတ်မြေသြဇာများသာ ဖြစ်ပါသည်။

ပထမဦးစွာ စိုက်ခင်းတစ်ဧကကို နွားချေးလှည်း ၅ စီးချပါ။ မီးစုန်းဓာတ်မြေသြဇာ ကို basel မှာ ၅၀ ကီလို၊ ယူရီယား ခေါ် နိုက်ထရိုဂျင် ဓာတ်မြေသြဇာကို တစ်ဧကအတွက် တစ်အိတ်နှင့် စိုက်ပြီး စိုက်သညိုတွင် တစ်အိတ်၊ ပိုတက် ခေါ် ပြာဓာတ်ကို ၂၅ ကီလို ထည့်ပေးရပါမည်။ ဤသို့ အချိုးကျ သုံးစွဲခြင်းဖြင့် စပါးတစ်ဧက အထွက်နူန်းကို သိသိသာသာ တိုးတက်စေပါသည်။

ဤနေရာ၌ ဓာတ်မြေသြဇာတို့၏ အာနိသင်များကိုလည်း အကြမ်းအားဖြင့် သိရှိရန် လိုအပ်သဖြင့် ဖော်ပြလိုက်ပါသည်။ ပုလဲ ဓာတ်မြေသြဇာသည် နိုက်ထရိုဂျင် ၄၆% ပါဝင်ပြီး အပင် အကိုင်း အရွက်တို့၏ ကြီးထွားမှုကို အားပေး၏။ တီစူပါ ခေါ် မီးစုန်းဓာတ်သည် အသီးအပွင့် ဖွံ့ဖြိုးမှု့ကို အားပေးပြီး ပိုတက်သည် အမြစ်နှင့် အသီးများ ကြီးထွားစေရန် အားပေးသည်။ အသီးအပွင့်များ အချိန်မကျဘဲ ကြွေကျခြင်းကို လည်းကာကွယ်ပေးသည်။

 ၆. သဘာဝ မြေသြဇာ ပြုလုပ်သုံးစွဲပါ

ရှေးခေတ်မှ ယနေ့ခေတ်ထိ တောင်သူလယ်သမားများမှာ သဘာဝ မြေသြဇာများကို သုံးစွဲခဲ့ကြသည်။ နွေရာသီ အချိန်မှစပြီး စိုက်ပျိုးမည့်လယ်များကို နွားချေးချခြင်း၊ သစ်ဆွေး မြေသြဇာများ ချခြင်းဖြင့် ကြိုတင်ပြင်ဆင်ထားကြသည်။

ယခုအခါ ကောက်ရိုးနှင့် သစ်ရွက်ခြောက်များကို စုဆောင်းကာ အမြန်ဆွေးစေသော နည်းပညာများလည်း ထွန်းကာလျှက်ရှိသည်။ en ဖျော်ရည်သုံး၍ bokashi သဘာဝမြေသြဇာ သုံးစွဲသော နည်းများနှင့် အခြား သစ်ရွက်ဆွေး မြေသြဇာများကိုလည်း ပြုလုပ်သုံးစွဲလျှက်ရှိသည်။

 ၇. ပေါင်းမြက်သုတ်သင် ရှင်းလင်းပါ

ပေါင်းမြက် နှိမ်နင်းရေးကလည်း အရေးကြီးပါသည်၊ စပါးစိုက်ခင်းများကို ပေါင်းမြက်ကင်းအောင် ပြုလုပ်ပေးရမည်။ ပေါင်းမြက်မနှိမ်နင်းပါက အထွက်နူန်းကို ထိခိုက်စေပါသည်။

 ၈. ရေသွင်းရေထုတ် ပြုလုပ်ခြင်း

စပါးပင်များ သန္ဓေတည်ချိန်မှာ ရေသွင်း ရေထုတ် ပြုလုပ်ပေးရမည်။ ရေပူရေအေး လဲပေးရသည်ကို ဆိုလိုသည်။

 ၉. ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း

စပါးခင်းများ၌ ကျရောက်လေ့ရှိသော ဖျက်ပိုးများမှာ ငမြောင်တောင်၊ ပိုးလောင်မီး၊ ရွက်ဖြတ်ပိုး၊ ပင်ဆီထိုးပိုး၊ နှံဖျက်ပိုးများ ကျရောက်တတ်သဖြင့် ပိုးသတ်ဆေးဖြင့် ပက်ဖြန်းနှိမ်နင်းရသည်။ ယခုအခါ သေနူန်း ၅၀% ပြင်းအားရှိသော ပိုးသတ်ဆေးများကို တောင်သူလယ်သမားများ သုံးစွဲလျှက်ရှိသည်။

 ၁၀. အလေအလွင့်နည်းအောင် ရိတ်သိမ်းနယ်လှည့်ပါ။

ယခုအခါ စပါးကို လူအားအပြင် စက်ကရိယာများနှင့် ရိတ်သိမ်းလျှက်ရှိရာ အမှည့်လွန်အောင် မထားသင့်ပါ။ ရင့်မှည့်မှု လွန်ကဲပါက စပါးစေ့များ ကြွေကျပြီး လေလွင့်ဆုံးရှုံးမှု များတတ်သည်။

သို့ဖြစ်၍ တိုင်းပြည်ဝမ်းစာ ဖြစ်သော ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအား ရိုးရိုးစနစ်မှ အထွက်တိုးအောင် စိုက်ပျိုးထုတ်လုပ်မှု အချက်ကို ဗဟုသုတအဖြစ် လေ့လာဖတ်ရှု့နိုင်အောင် ရေးသားတင်ဆက် လိုက်ရပါသည်။

 ကိုဇော်ထွန်း(ပညာရေး) ရေးသားသောပို့စ် အားကူးယူဖော်ပြပါသည်