Friday, July 8, 2011

ခက်ခဲသောအရာများ

'ပဏ္ဏက'ဇာတ်ဝတ္ထုလေးပါ ။

တစ်ခါတုန်းက မဒ္ဒ၀မင်းကြီးရဲ့ မိဖုရားနဲ့ ပုရောဟိတ်ကြီးရဲ့ သားငယ်တို့ နန်းတော်ထဲမှာ မျက်လုံးချင်းဆုံမိကြပါတယ် ။ မျက်လုံးချင်းဆုံမိတဲ့ အဲ့ဒီအခိုက်အတန့်လေးမှာပဲ …နှစ်ဦးသားဟာ ရှေးအဆက်ဆက်က သံယောဇဉ်တွေ ကူးလူးယှက်တင်လို့ ငြိတွယ်သွားကြလေသတဲ့ ။

ပုရောဟိတ်သားဟာ အိမ်ပြန်ရောက်တော့ တမှိုင်မှိုင် တတွေတွေ နဲ့ အိပ်ရာထဲပဲလှဲနေလေတော့တယ် မစားမသောက် ချစ်ခြင်းအပူမီးက နှိပ်စက်လေတော့တယ် ပုရောဟိတ်ကြီးလည်း အကြောင်းစုံသိလေတော့ မိုးထားတဲ့ သန်လျက်ကို မကြောက်မရွံ့ သားဇောနဲ့ဘုရင်ကို အကြောင်းစုံလျှောက်တင်လေတယ် ။ မင်းကောင်းမင်းမြတ် တပါးဖြစ်တဲ့ မဒ္ဒ၀ ဘုရင်ကြီးက ကဲ.. ၇ ရက်ယူစေ ၇ ရက်ပြည့်ရင် ပြန်ပေးပါ ဆိုပြီး သူနှစ်သက်သော မိဖုရားအား ပေးအပ်လိုက်တယ် ။။ သို့ပေသိ ပုရောဟိတ်သားနဲ့ မိဖုရားတို့ဟာ ၇ ရက်လည်းစေ့ရော ထွက်ပြေးကြပါလေရော ပုရောဟိတ် ကြီးကတော့ ထားရင်လည်းနေမယ် သတ်ရင်လည်းသေမယ်ပေါ့ လျှောက်တင်တယ် ဘုရင်ကြီးကတော့ မိဖုရားစိတ်နဲ့ မစားနိုင်မသောက်နိုင် တိုင်းပြည်အရေးတွေ လစ်ဟင်းလာတော့တယ် ဒီအချိန်မှာ ဘုရားအလောင်းတော် သေနကအမတ် ၊ ရှင်သာရိပုတ္တရာ အလောင်းတော် ပက္ကုသအမတ် ၊ ရှင်မဟာမောဂ္ဂလာန် အလောင်းတော် အာယုရအမတ်တို့ဟာ ဘုရင်ကြီးရဲ့ ချစ်သောကမီးအတွက် ဆေးတဖုံပြင်ရတော့တယ် ။

တစ်နေ့တော့နန်းရင်ပြင်မှာ သံလျက်မျိုတဲ့ မျက်လှည့်ပြပွဲတခု စီစဉ်လိုက်ပါတယ် ။ ဘုရင်ကြီးက သံလျက်မျိုတာကို ကြည့်ပြီးနောက် အာယုရ အမတ်ကို စတင်မေးပါတယ် "လောကမှာ သံလျက်မျိုတာထက် ခက်တာရှိသလား" .. "ရှိပါတယ် ဘုရား ၊ မိမိမြတ်နိုးချစ်ခင်တဲ့အရာကို ပေးမယ် ကြံစည်တာဟာ သံလျက်မျိုတာထက် ခက်ပါတယ်ဘုရားးး " ဒီတော့ဘုရင်ကြီးမှာ အတွေးတခုဝင်လာပါတယ် "ငါက ငါချစ်ခင်မြတ်နိုးတဲ့ မိဖုရားကို ပေးမယ်လို့ကြံခဲ့တာပဲ ။ ငါဟာ ခက်ခဲတဲ့အရာကို လုပ်ခဲ့ပါလား " လို့တွေးပြီးအနည်းငယ် စိတ်သက်သာရာ ရသွားပါတယ် ။

နောက် ပက္ကုသ အမတ်ကို မေးပြန်တယ် ။ "ပက္ကုသ… ဒီထက် ခက်ခဲတာ ရှိသေးသလား "

"ရှိပါတယ်ဘုရား .ကြံစည်ရုံမကပဲ ပေးမယ်လို့ နုတ်က ပြောလိုက်တာပါဘုရား " ဒီတော့ဘုရင်ကြီးက "အင်း ..ငါက မိဖုရားကိုပေးမယ်လို့ပြောခဲ့ပါလား ၊ ငါကခက်ခဲတဲ့ အလုပ်ကို လုပ်ခဲ့ပါလား ဆိုပြီး စိတ်သောက နည်းနည်းလျော့သွားပြန်ပါတယ် ။" နောက်ပက္ကုသ အမတ်ဘက်လှည့်ပြီးထပ်မေးလိုက်ပြန်ပါတယ် ။ "ပက္ကုသ ဒီထက် ခက်ခဲတာ ရှိသေးသလား " .." ရှိပါသေးတယ်ဘုရား ပေးမယ်လို့ပြောပြီး အမှန်တကယ် ပေးလိုက်နိုင်တာက ပိုခက်ခဲပါတယ်ဘုရား ။" ဘုရင်ကြီးကလည်း "အင်းး ငါကမိဖုရားကို ပေးမယ်လို့ပြောပြီး အမှန်တကယ် ပေးလိုက်နိုင်တာပါလား " ဆိုပြီး သောကတွေ လျော့သွားပြန်ပါတယ် ။ နောက်ဆုံး ဘုရားအလောင်း သေနကအမတ် ဘက်သို့လှည့်ပြီး "ဒိထက်ခက်ခဲတာရှိသေးသလား " လို့မေးပြန်တယ် ။

သေနက အမတ်ကလည်း "အရှင်မင်းကြီး … လူတွေဟာပေးမိတာကို ပြန်တွေးပြီး နာင်တဖြစ်တတ်ကြပါတယ် ။ အဲ့ဒီ နောင်တကို မဖြစ်အောင် မိမိရဲ့ စိတ်ကို ထိန်းချုပ် စောင့်စည်းနိုင်တာက ပိုခက်ခဲလှပါတယ် ဘုရား " လို့ လျှောက်တင်တယ် ။

သေနကအမတ်ရဲ့ စကားအဆုံးမှာတော့ ဘုရင်ကြီးဟာ အသိဥာဏ်တွေ ပြန်ဝင်သွားပါတော့တယ် ။

…………………………………….။။……………………………………………………………………………………….

ငါတို့တွေလည်း ငါတို့ပေးလိုက်တာတွေအတွက်၊ ငါတို့ရလိုက်တာတွေ အတွက်၊ နောင်တတွေ ပူဆွေးမှု့တွေ နှမျောတမ်းတ မှု့တွေ နဲ့ မိမိကိုယ်ကို ချည်နှောင်မထားသင့်ဘူး ။ ပေးလိုက်တာတွေလည်းရှိ ၊ ရလိုက်တာတွေလည်းရှိ ၊ ရမှန်းသိသိနဲ့ မယူခဲ့တာတွေလည်းရှိ ၊ ပေးရမယ်မှန်းသိသိနဲ့ မပေးခဲ့မိတာတွေလည်းရှိ ။ ထားလိုက်ပါလေ ထားလိုက်ပါ ဒီဘ၀ကို ဖြတ်သန်းနေတုန်း အခိုက်အတန့်မှာ

ငါတို့ တတ်နိုင်သမျှ ကြင်နာယုယ မှု့တွေ ငါတို့မှာရှိသမျှ ခွင့်လွတ်နားလည်မှု့တွေ ငါတို့ဆောက်တည်ထားရသမျှ စိတ်ရှည်သည်းခံမှု့တွေ ကို ရနိုင်သလောက် အများကို မျှဝေပါ ။

ပေးပြီးတိုင်း ပြန်လိုချင်တတ်တဲ့ စိတ်ကို လျှော့ချပစ်ပါ သည်းခံမှု့ကို တိုးတက်ပါစေ ချစ်ခြင်းမေတ္တာကို မထိန်ချန်ပါနဲ။ ကြင်နာမှု့ကို ပြသပါ ။